နေပြည်တော် မတ် ၁၃
၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တပ်ကုန်းမြို့ ဘုရားနီဆုတောင်းပြည့်ကျောင်းတိုက်
ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တပညာသိရီ၊ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့အကျိုးဆောင်၊
ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတိဿနှင့်
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မှုကြမည့် ဆရာတော်၊ သံဃာတော်များ
ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊
နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ
ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရရှိကြသည့်
လူပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ဧည့်ပရိသတ်များက နေပြည်တော်တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊
တပ်ကုန်းမြို့ ဘုရားနီဆုတောင်းပြည့်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသိရီမထေရ်မြတ်ထံမှ
ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက်
မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဇေယျာသီရိမြို့နယ်စည်ပင်သာယာရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တဣန္ဒာစက္ကမထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာကို မြွတ်ကြားချီးမြှင့်တော်မူပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက
သာသနာတော်ဆိုင်ရာများကို လျှောက်ထား၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို
ဆက်ကပ်လှူဒါန်းကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ
ရရှိကြသည့် သီလရှင်ဆရာကြီးများအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တအရိန္ဒမနှင့် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဇေယျာသီရိမြို့နယ်၊
စည်ပင်သာယာရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကတို့ထံ ဘွဲ့တံဆိပ်တော်နှင့်
အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက မဟာသဒ္ဓမ္မဇောတိကဓဇ၊
ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား
ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ တပ်ကုန်းမြို့၊
ရုစိရပဘာဝတီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်စန္ဒာရီထံ ဘွဲ့တံဆိပ်တော်များနှင့်
အဆောင်အယောင်များကိုလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ပျဉ်းမနားမြို့၊ သီရိစန္ဒာရာမသီလရှင်စာသင်တိုက်သီလရှင်
ဆရာကြီး ဒေါ်ရူပိယသိင်္ဂီထံ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကိုလည်းကောင်း
ဆက်ကပ်ပူဇော်သည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးကုဋေကျော်အား
ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏
ဇနီးက မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဒေါ်သန်းသန်းဌေးအား ဘွဲ့တံဆိပ်တော်နှင့်
အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်၍
နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမအုန်းတောပရိယတ္တိ
စာသင်တိုက်ပဓာနနာယက ဆရာတော်မဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တတိဿမထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက
အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင်
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များနှင့်
သီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။
ယနေ့
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့်
မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ
ဆရာတော်ကြီးလေးပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ခုနစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ
ဆရာတော်ကြီး ခြောက်ပါး၊ ကမ္မဋ္ဌာနစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး တစ်ပါး၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ
သီလရှင်ဆရာကြီးတစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးတစ်ပါးတို့အား
ဘွဲ့တံဆိပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပူဇော်ပြီး သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်ရ
လူပုဂ္ဂိုလ်အမျိုးသားတစ်ဦး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်အမျိုးသမီးတစ်ဦးတို့ကို
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment