မော်လမြိုင် မတ် ၁၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်လင်းမောင်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့်ရေချမ်းတို့အား ကပ်လှူပူဇော်ခဲ့ပြီး ဆံတော်ရှင်ကျိုက်သုတ်စေတီတော်ဓမ္မာရုံ၌ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အခမ်းအနားကိုနမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ရွှေတောင်ကျောင်း ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့်အလှူရှင်မိသားစုတို့က
ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊
ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်များထံ
ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ဆံတော်ရှင်ကျိုက်သုတ်စေတီတော် မြတ်ကြီး၏
သြဝါဒါစရိယဆရာတော်၊ ဝေဇယန္တာကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး
လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ
စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား
စေတီတော်၏ လက်ယာရစ်သုံးပတ်လှည့်လည် ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင်
ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဆရာတော်ကြီးများမှ
ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက
ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး
အမွှေးနံသာရည်များပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးပြီး
ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)
No comments:
Post a Comment