Friday, February 21, 2025

မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကြောင်း သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ



နေပြည်တော် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာကို ကာကွယ် စောင့်ရှောက်ရန်အတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကိုသာ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ မြို့ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အဦများကို လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို ပြည်သူများအသိပင်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment