Sunday, February 23, 2025

မြူကင်းစင်သောကောင်းကင်

 


လမင်းသန်း(ရှမ်းပြည်နယ်ပတ်ဝန်းကျင်)

မြူ၏အကြောင်း

“မြူ” ဟု ဆိုရာတွင် မြူမှုန်နှင့် မြူငွေ့နှစ်မျိုးကွဲပြားပြီး ၎င်းတို့ဖြစ်ပေါ်စေသော အကြောင်းအချက်များ၊ ၎င်းတို့၏ဖွဲ့စည်းမှုများနှင့် သက်ရောက်မှုများလည်း ခြားနားကြပါသည်။ မီးခိုးမြူငွေ့(Smog)သည် မီးခိုး(Smoke)နှင့် မြူ(Fog)များ ပေါင်းစည်းမှုဖြစ်ပြီး နေရောင်ခြည်နှင့် ဓာတ်ပြုမှုကြောင့် ဖြစ်ပေါ်လာရပါသည်။

မြူမှုန်(Haze)သည် လေထုထဲတွင် ပျံ့နှံ့လွယ်သောအမှုန်များ (Suspended Particles)နှင့် ဓာတ်ငွေ့များမှ နေရောင်ခြည်ကိုစုပ်ယူပြီး လေထုဝန်းကျင်တွင် မြင်နိုင်စွမ်း(Visibility) လျော့နည်းရသည့် ဖြစ်စဉ်ဖြစ်ပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုကဲ့သို့ ဓာတုတုံ့ပြန်မှု/ဓာတ်ပြုမှုများ ဖြစ်ပေါ်ခြင်းမဟုတ်ပါ။

မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လေထုတွင် ထူထဲသော၊ အညိုရောင် သို့မဟုတ် မီးခိုးရောင်ရှိသော လေထုအလွှာများဖြစ်စေကာ မြူမှုန်ညစ်ညမ်းမှုသည် လေထုအားကြည်လင်မှု/ မြင်နိုင်မှုကို လျော့ကျစေပြီး နို့မှုန့်ကဲသို့မှုန်ဝါးသော လေထုအလွှာများဖြစ်ပေါ်စေခြင်းဖြစ်သည်။ မြူမှုန်လေထုအလွှာများသည် မီးခိုးမြူများထက် သိပ်သည်းဆနည်းသောကြောင့် ပျံ့နှံ့မှုတွင်မြင့်မားကြသည်။

မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော အဓိကအကြောင်းတရားများသည် ယာဉ်/ယန္တရားအသုံးပြုမှုနှင့် စက်မှုလုပ်ငန်းများမှထွက်သော ထုတ်လွှတ်အခိုးအငွေ့ (Emission) များကြောင့်ဖြစ်ပြီး မြူမှုန်ဖြစ်ပေါ်စေသည့် အဓိကရင်းမြစ်များမှာ တောမီးလောင်ကျွမ်းမှု၊ စွန့်ပစ်ပစ္စည်းများ မီးရှို့မှု၊ ဖုန်မှုန့်များနှင့် စက်မှုလုပ်ငန်းညစ်ညမ်းမှုများမှ ဖြစ်ပါသည်။

ထို့ကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများသည် စက်မှုဇုန်များ၊ မြို့ပြဧရိယာများတွင် အဓိကဖြစ်ပေါ်ပြီး မြူမှုန်ညစ်ညမ်းမှုများသည် ကျေးလက်/ မြို့ပြမရွေး၊ နေရာဒေသမရွေး ပျံ့နှံ့ဖြစ်ပေါ်စေသည်။ ထို့အပြင် မီးခိုးမြူငွေ့(Smog)များထက် မြူမှုန်(Haze)များသည် အကန့်အသတ်မရှိသော နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုများကိုလည်း ဖြစ်ပေါ်စေသည်။

မြန်မာမှုအသုံးအနှုန်းတွင် မြူငွေ့ဖြစ်စေ၊ မြူမှုန်ဖြစ်စေ မီးခိုးမြူငွေ့ဟုသာ သုံးနှုန်းကြသော်လည်း အကန့်အသတ်မဲ့ နယ်စပ်ဖြတ်ကျော် မြူညစ်ညမ်းမှုပြဿနာများအတွက် မြူငွေ့ညစ်ညမ်းမှု (Haze Pollution) ကိုသာ ဆိုလိုရင်းဖြစ်သည်ကို နားလည်အပ်ပါသည်။ မြူမှုန်ညစ်ညမ်းမှု ပြဿနာများသည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်တို့က ကိုင်တွယ်ဆောင်ရွက်ရန် မလွယ်ကူသော ဝိုင်းဝန်းစုပေါင်းဖြေရှင်းရမည့် ကြီးမားကျယ်ပြန့်သော ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။

မြူငွေ့ညစ်ညမ်းမှု

မြူငွေ့ညစ်ညမ်းမှုများကြောင့် လေအရည်အသွေးကျဆင်းခြင်း၊ တောရိုင်းတိရစ္ဆာန်များ မီးလောင်သေဆုံးခြင်း၊ နေရင်းဒေသများ ပျောက်ဆုံးခြင်း၊ ရှားပါးမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ ရေများရှားပါးခြင်းနှင့် ရေချိုအရင်းအမြစ်များဆုံးရှုံးခြင်း၊ ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောဧရိယာများဆုံးရှုံးခြင်း၊ အသက်အိုးအိမ်များ ဆုံးရှုံးခြင်း၊ ခရီးသွားလုပ်ငန်းများကိုထိခိုက်ခြင်း၊ နိုင်ငံ့ဘဏ္ဍာငွေများဆုံးရှုံးခြင်း၊ လူသားကျန်းမာရေးပြဿနာများ ဖြစ်ပေါ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်ခြင်းများကို ဖြစ်ပေါ်စေသည်။

နယ်စပ်ဖြတ်ကျော်မြူညစ်ညမ်းမှု (Transboundary Haze Pollution)သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် သိသာထင်ရှားသော ဆိုးကျိုးတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စီမံချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဒေသအဆင့်နှင့် အမျိုးသားအဆင့်အလိုက် လက်တွေ့ကျင့်သုံးဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

မြူကင်းစင်သော မဟာဗျူဟာ

အရှေ့တောင်အာရှနိုင်ငံများမှ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် မြူညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်သည့် “Joint Plan of Action – CLEAR Sky Strategy-(2024-2030)” မြူကင်းစင်သောကောင်းကင် မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်(၂၀၂၄-၂၀၃၀) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

မြူကင်းစင်သောကောင်းကင် မဟာဗျူဟာတွင် “CLEAR” အားအထူးပြုပြီး လုပ်ငန်းစဉ်များအနေဖြင့် ၎င်း၏စကားလုံးများဖြစ်သည့် (C = Continued Commitment)၊ (L = Leveraging Mechanisms)၊ (E = Experience Sharing)၊ (A = Air Quality Networks)၊ (R = Response)ဖြင့် ကိုယ်စားပြုဖော်ပြထားပါသည်။ (၁)ကတိကဝတ်များအား ဆက်လက်ဆောင်ရွက်ရန်၊ (၂)ထိန်းချုပ်ရေးလုပ်ငန်းများမြှင့်တင်ရန်၊ (၃)အတွေ့အကြုံများ မျှဝေရန်၊ (၄)လေအရည် အသွေးကွန်ရက်များ သိရှိနားလည်ရန်နှင့် (၅) တုံ့ပြန်ဆောင်ရွက်ရန် စသည့်လုပ်ငန်းစဉ်များဖြစ်ပါသည်။

မဟာဗျူဟာ၏ ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တွင် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံများအကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၄ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ သတ်မှတ်ထားပြီး မြူညစ်ညမ်းမှုထိန်းချုပ်ရေး၊ နှိမ်နင်းရေး၊ လျှော့ချရေး၊ ကြိုတင်ခန့်မှန်းမှုနှင့် စောင့်ကြည့်မှုစနစ်များ အားကောင်းစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစီမံခန့်ခွဲမှုကို မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရေးတို့ဖြစ်ပါသည်။

ကတိကဝတ်များအား ဆက်လက်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ဖြတ်ကျော် မြူညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်၏ ရည်ရွယ်ချက်မှာ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်ပြီး တောမီးလောင်ကျွမ်းခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မြူညစ်ညမ်းမှုပြဿနာများကို တားဆီးရန်နှင့် စောင့်ကြည့်လေ့လာရန်တို့ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် မဲခေါင်ဒေသခွဲနိုင်ငံများ၏ ချင်းရိုင် ၂၀၁၇ လုပ်ငန်းစီမံချက် (Chiang Rai 2017 Plan of Action)ကို ချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှုအရေအတွက်ကို နှစ်အလိုက်လျှော့ချ ထိန်းချုပ်ဆောင်ရွက်ရန်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် မြူကင်းစင်သောကောင်းကင် မဟာဗျူဟာ၏ ကတိကဝတ်များကို ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်အတိုင်း နိုင်ငံတကာသဘောတူညီချက်များနှင့် ချမှတ်ထားသောလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

ထိန်းချုပ်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတွင် မြူညစ်ညမ်းမှုများဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများမှာ စွန့်ပစ်အမှိုက်ပုံများ မီးလောင်/မီးရှို့ခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ရိုးပြတ်များ၊ ကောက်ရိုးများနှင့် စပါးခွံများကို မီးရှို့ခြင်း၊ တောင်ယာချဲ့ထွင်ရန် မီးရှို့ခြင်း၊ သစ်တောများတွင် မဆင်မခြင်မီးအသုံးပြုခြင်းမှ တောမီးလောင်ကျွမ်းခြင်းတို့ ဖြစ်ပါသည်။

ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအနေဖြင့် တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသောမီးများ ကာကွယ်ထိန်းချုပ်ရန်၊ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့မီးရှို့ခြင်း သို့မဟုတ် လဟာပြင်မီးရှို့ခြင်းများတားဆီးရန်၊ ပြည်သူလူထုသို့ အသိပညာပေးရန်၊ ကဏ္ဍအလိုက် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ရန်၊ သက်ဆိုင်ရာအစိုးရဌာန/ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ပြီး မြူကင်းစင်သောမဟာဗျူဟာ ချမှတ်မှုအတိုင်း တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။

အတွေ့အကြုံများ မျှဝေခြင်း

မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်မှစပြီး အာဆီယံ-ဩစတြေးလျ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၏ ငွေကြေးနှင့်နည်းပညာထောက်ပံ့မှုတို့ဖြင့် မလေးရှားနိုင်ငံအခြေစိုက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဗဟိုဌာန၏ အကူအညီရယူကာ မြူညစ်ညမ်းမှုဆိုင်ရာနှင့် သစ်ဆွေးမြေဆိုင်ရာသင်တန်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းများမှရရှိသော အသိပညာများ ပြန်လည်မျှဝေခြင်း၊ ဒေသတွင်း/နိုင်ငံတွင်း အကောင်အထည်ဖော်မှုလုပ်ငန်း အချက်အလက်များအား အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

လေအရည်အသွေးကွန်ရက်များ သိရှိနားလည်ခြင်း

တောမီးနှင့်မြူညစ်ညမ်းမှုများ စောင့်ကြည့်အကဲဖြတ်ရန် အာဆီယံဒေသတွင်း ဗဟိုဌာနအဖြစ် ASEAN Specialised Meterological Centre (ASMC) ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ် (Fire Hotspot) များကို အဆိုပါ ASMC ၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့်စောင့်ကြည့်၍ ပုံမှန်သတင်းထုတ်ပြန်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ်များ၏ ခရိုင်/ မြို့နယ်အလိုက် ဝန်းကျင်လေထုအရည်အသွေးများကို လစဉ်စောင့်ကြည့်တိုင်းတာခြင်း၊ လေအရည်အသွေးအညွှန်းကိန်း(AQI)များတွက်ချက်၍ အချက်အလက်များထုတ်ပြန်ခြင်း၊ မီးလောင်ကျွမ်းမှု (Fire Hotspot)များကို စောင့်ကြည့်ပြီး ထူးခြားဖြစ်စဉ်များအပေါ် သတင်းအချက်အလက်များထုတ်ပြန်ခြင်း၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

တုံ့ပြန်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှု (Fire Hotspot) အများဆုံးတွေ့ရှိရသည့် ကာလသည် ဆောင်းအကုန်နွေအကူးခြောက်သွေ့သည့် ပွင့်လင်းရာသီကာလများတွင် အများဆုံးဖြစ်ပါသည်၊၊ ASMC ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှု (Fire Hotspot) ပေါ်ပေါက်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် အကြိမ် ၅၆၅၈၀၊ ၂၀၂၁ ခုနှစ်တွင် ၅၃၄၀၄ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၃၈၀၈၆ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၅၆၈၆၅ ကြိမ်နှင့် ၂၀၂၄ ခုနှစ်တွင် ၅၁၂၀၇ ကြိမ် ပေါ်ပေါက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

၎င်းမီးလောင်ကျွမ်းမှု ပေါ်ပေါက်မှုသည်လည်း အာဆီယံဒေသတွင်း၌ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသည် ပေါ်ပေါက်မှုအများဆုံးဖြစ်ပြီး ယင်းအခြေအနေကို လျော့နည်းစေရေး တုံ့ပြန်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ရသော မီးလောင်ကျွမ်းမှု (Fire Hotspot) အများစုသည် တောမီးလောင်ကျွမ်းမှုထက် စိုက်ပျိုးရေးမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာဆောင်ရွက်မှုအတွက် မီးရှို့ခြင်းတို့မှ အဓိကဖြစ်ပေါ်ရပါသည်၊၊ ဖော်ပြပါဖြစ်ပေါ်မှုအကြောင်းရင်းများကို ထိန်းချုပ်ဆောင်ရွက်သွားရပါမည်၊၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ဓလေ့ရိုးရာအသုံးအနှုန်းအားဖြင့် “ထယ်မှောက်ခြင်း” ဟုခေါ်သော ရိုးပြတ်အမှိုက်များကို လယ်ယာမြေများတွင် စုပေါင်းသမထွန်ယက်ခြင်း၊ ရွှေ့ပြောင်းတောင်ယာများအစား လှေကားထစ်စိုက်ပျိုးခြင်း၊ နှစ်ရှည်သီးနှံများဖြင့် ရောနှောစိုက်ပျိုးခြင်း၊ သင့်လျော်သော စိုက်ပျိုးရေးနည်းစနစ်များ ပြောင်းလဲကျင့်သုံးခြင်းတို့ဖြင့် တုံ့ပြန်ဆောင်ရွက်သွားရပါမည်။

တိုက်တွန်းနှိုးဆော်ချက်

သို့အတွက် ၂၀၂၄ ခုနှစ်မှစတင်၍ ၂၀၃၀ ကာလအထိ ချမှတ်ထုတ်ပြန်ခဲ့သော မြူကင်းစင်သောကောင်းကင် မဟာဗျူဟာ CLEAR SkyStrategy- (2024-2030)၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်အတူ မိမိတို့နိုင်ငံတွင်းနှင့် ဒေသတွင်း၏ လေထုအလွှာတွင် မြူညစ်ညမ်းမှုများ လျော့နည်းပပျောက်ရန် ပူးပေါင်းမှုအစီအစဉ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်ကို တိုက်တွန်းဖော်ပြအပ်ပါသည်။ ။

No comments:

Post a Comment