နေပြည်တော် ဇန်နဝါရီ ၇
ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ အဆင့်မြင့်အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ရောဂါနှိမ်နင်းရေး တပ်နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာကူးစက်ရောဂါများ အဖြစ်များလေ့ရှိပြီး လတ်တလောတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အချို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက် ရောဂါများကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် သတင်းများဖော်ပြလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သတင်းထုတ်ပြန်ချက်အရ လတ်တလော ဖြစ်ပွားမှုများတွင် ရာသီတုပ်ကွေး (Influenza A H1N1) ရောဂါသည် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါပိုးများဖြစ်သည့် rhinovirus, respiratory syncytial virus, mycoplasma pneumonia နှင့် Human Metapneumovirus (HMPV) များ ပါဝင်ကြောင်း။
HMPV ရောဂါပိုးသည် ကိုဗစ်-၁၉ ရောဂါနှင့်မတူဘဲ ယခင်ကတည်းက ဖြစ်ပွားနေခဲ့သော ရောဂါပိုး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန၊ ဆေးသုတေသနဦးစီးဌာနတို့မှ ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းများအရ နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားမှုရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်နှင့် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်များတွင် ပြုလုပ်ခဲ့သော သုတေသနအချက်အလက်များအရ ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင်လည်း အဆိုပါ HMPV ရောဂါပိုး ကူးစက်ဖြစ်ပွားခဲ့မှုများရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ HMPV ရောဂါပိုးသည် ရာသီဥတုအလိုက် ကူးစက်ဖြစ်ပွားမှုရှိနေခဲ့ပြီးဖြစ်သဖြင့် အဆိုပါ ရောဂါပိုးနှင့်ပတ်သက်၍ မိမိတို့ပြည်သူများအတွင်း ကိုယ်ခန္ဓာခုခံအားစနစ်ရှိနေပြီးဖြစ်မည်ဟု သုံးသပ်ယူဆရနိုင်ပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် အကြံပြုချက်များအား စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုပါကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုလိုက်နာ၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဆောင်းရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့်ပတ်သက်၍ ပြည်သူလူထုမှ ကျန်းမာရေးသတင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေး၊ ရောဂါဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းတို့အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက နိုင်ငံတကာနှင့် ဒေသတွင်းရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment