ဒေါက်တာမောင်သင်း
(ယမန်နေ့မှအဆက်)
၁၂။ အတန်းတိုင်း (Grade အဆင့်တိုင်းတွင် စာကောင်းပေမွန်စာအုပ်ကို အများဆုံးဖတ်လေ့ရှိသူ များနှင့် တင်သွင်းသည့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးများ (သို့) နံရံကပ်စာစောင်များမှ အကောင်းဆုံးကိုဖော်ထုတ်၍ ကျောင်းအဆင့်၊ မြို့နယ်အဆင့်စသည်တို့ဖြင့် ရွေးချယ်ဆုပေးဂုဏ်ပြု ခြင်း။ လူရည်ချွန်ရွေးချယ်ရာတွင် စာပေဖတ်ရှုခြင်း မပြုသူများ (သို့) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ရေးသားခဲ့ခြင်းမရှိသူများကို ရွေးချယ်ခြင်းမပြုရန်။
၁၃။ အပိုဒ် ၉၊
၁၀၊ ၁၁ ပါ သက်ဆိုင်ရာ Grade အဆင့်နှင့်အညီ ဖတ်ကြားရမည့် စာအုပ်အရေ အတွက်နှင့် စာတမ်းများ
ရေးသားတင်သွင်းခြင်းမရှိပါက အောင်စာရင်းထုတ်ပြန်ခြင်းမပြုရန် (သို့) မူလတန်းအဆင့်၊
အလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်မပေးခြင်းဖြင့်
တွန်းအားပေးဆောင် ရွက်စေခြင်းတို့ဖြစ်ပါသည်။
ဖြည့်ဆည်းပေးရမည့်အချက်များ
၁၄။ အခြေခံပညာကျောင်းတိုင်းတွင်
……
(က) စာကြည့်တိုက်များ
စီစဉ်ဆောင်ရွက်ထားခြင်း၊
(ခ) သက်ဆိုင်ရာကျောင်းများ
အစီအစဉ်ဖြင့် စာအုပ်များစုဆောင်းခြင်း (ဥပမာ- ရန်ပုံငွေရှာဖွေ၍ ဝယ်ယူခြင်း၊ အလှူခံခြင်း)
(ဂ) စာအုပ်ဗီရိုများ
ရရှိစေရန် စီစဉ်ဆောင်ရွက်ခြင်း၊
(ဃ) နံရံကပ်စာစောင်
ရေးဆွဲပြသခြင်း၊ ဖြစ်နိုင်လျှင် ကျောင်းသတင်းလွှာများ၊ စာစောင်များ ထုတ်ဝေခြင်း၊
(င) ကျောင်းအဆင့်
စာကြည့်တိုက်အသင်းနှင့် စာဖတ်အသင်း ဖွဲ့စည်းထားရှိခြင်း
(စ) စာပေဟောပြောပွဲနှင့်
စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊
(ဆ) ဆရာ ဆရာမတိုင်းအား
စွမ်းရည်မြင့်သင်တန်းပို့ချရာတွင် “စာကြည့်တိုက်စာရင်းပြုစုမှု၊ တိုက်ပိုင်စာရင်းသွင်းမှု၊
စာအုပ်ငှားရမ်းမှု၊ စာအုပ်ထိန်းသိမ်းမှု သင်ခန်းစာများ” ပါ ထည့်သွင်းပို့ချပေး ရန်။
(ဇ) ဆရာ ဆရာမများ
ကိုယ်တိုင်စံပြအဖြစ် စာများများဖတ်စေရန် စီမံချက်ရေးဆွဲခြင်း၊ (ဥပမာ- စာဖတ်မှု၊ ပညာရေးဆောင်းပါး
ရေးသားထုတ်ဝေမှု၊ ဟောပြောမှုနှင့် စာဖတ်ဝိုင်းတွင် ပါဝင် ဆွေးနွေးမှုစသည်တို့ကို သင်တန်းစေလွှတ်မှုနှင့်
ရာထူးတိုးမြှင့်အဆင့်ဆင့်တွင် ထည့်သွင်းစဉ်းစားခြင်း)
ရရှိလာမည့်
အကျိုးကျေးဇူးများ
၁၅။ အသိဉာဏ်ကြွယ်ဝသော
နိုင်ငံသားများ ဖြစ်ထွန်းလာစေပြီး စာဖတ်နေကာ ပညာအမြဲ ဖြည့်ဆည်းနေသည့် နိုင်ငံသားများဖြင့်
ပြည့်လျှမ်းသည့် “ပညာတတ်နိုင်ငံတော်” ဖြစ်ထွန်းလာပေ မည်။
၁၆။ စာကောင်းပေမွန်
များများဖတ်ခြင်းဖြင့် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ ဓမ္မနှင့်အဓမ္မ ခွဲခြားနိုင်စွမ်းနှင့်
သူ့ဘက်ကိုယ့်ဘက် မျှတစွာ ကြည့်တတ်ပြီး ကိုယ်ချင်းစာနာနိုင်စွမ်းရှိသည့် ပညာ ပြည့်ဝနိုင်ငံသားများ
ပေါ်ထွန်းလာကာ ငြိမ်းချမ်းသာယာသည့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ပညာတတ်စွမ်းအားစုများ
ဖြစ်ထွန်းလာပေမည်။
၁၇။ အခြေခံပညာပြီးမြောက်ပြီးနောက်
မိမိ၏ ကိုယ်ကျင့်တရားခိုင်မာမှု၊ အသိဉာဏ်ပညာမြင့်မားမှု နှင့် ဖွံ့ဖြိုးအောင်မြင်စေရန်အတွက်
စာဖတ်ခြင်းဖြင့် မိမိကိုယ်ကို ဆက်လက်ပျိုးထောင် ထိန်းကျောင်း နိုင်ခြင်းနှင့် မိမိ၏ဘဝတိုးတက်စေမည့်
နည်းလမ်းကောင်းများစွာကို စာကောင်းပေမွန်ဖတ်ရှုခြင်းဖြင့် ဆက်လက်ရှာဖွေနိုင်သည့် အလေ့အကျင့်ကောင်း
ဖြစ်ထွန်းလာစေခြင်းတို့ဖြစ်ပါသည်။
“စတင်အကောင်အထည်
ဖော်သင့်သည့်အချိန်” မှာ “လက်ရှိရောက်နေသည့် ပညာသင်နှစ်” က စတင်သင့်ပါသည်ဟု မြင်မိပါသည်။
ဤသည်မှာ မိမိ၏ပုဂ္ဂလိကအမြင် စုဆောင်းလေ့လာထားမှု ဖြစ်ပါသည်။ နိုင်ငံတော်၏ဘတ်ဂျက်မလိုဟုလည်း
မြင်မိပါသည်။ ပညာရေးမှတာဝန်ရှိသူနှင့် ပြည်သူ လူထုပူးပေါင်းပါဝင်မှုသာ ပဓာနပါ။ အနာဂတ်မြန်မာ့
လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုအတွက် ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့် ကျောင်းသားမိဘ၊ ရပ်မိ
ရပ်ဖတို့ ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုပါလိမ့် မည်။ ပြည်သူ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုဖြင့်သာ
အရာရာအောင်မြင်မှာမို့ပါ။
စာဖတ်သည့်လူငယ်များသည်
ဉာဏ်ရည်မြင့်သူများပါ
ဆရာကြီးမောင်ခင်မင်
(ဓနုဖြူ) က “စာဖတ်သူတို့တွင် စာထဲက အသိအမြင်များ ဝင်ရောက်ရာ တံခါးနှစ်ပေါက်ရှိသည်။
ဦးနှောက်နှင့် နှလုံးသားတံခါးတို့ဖြစ်ပါသည်။ ဦးနှောက်တံခါးမှ သိစရာ၊ မှတ်စရာ၊ ဗဟုသုတဖြစ်စရာအချက်အလက်များ
ဝင်ရောက်ပါသည်။ နှလုံးသားတံခါးမှ စိတ်စေတနာ နှင့် ကိုယ်ချင်းစာတရားများနိုးကြားစရာ၊
လူမှုရေးရာအဖြစ်အပျက်များ ဝင်ရောက်ပါသည်” ဟုဆိုပါသည်။ ကလေးများ၏ ဦးနှောက်တံခါးနှင့်
နှလုံးသားတံခါးကို ဟန်ချက်ညီညီ ဖွင့်နိုင်ရန်အတွက် မြန်မာ့ပညာရေးကို အကောင်အထည်ဖော်နေသည့်
ဆရာ ဆရာမများ၏ တာဝန်ပင်ဖြစ်ပါသည်။
ကျောင်းစာထိခိုက်မှာဆိုး၍
မိဘများက အပြင်စာလုံးဝမဖတ်ခိုင်းခဲ့သော ကလေးများစွာ ရှိခဲ့သည်။ ထိုကလေးများသည် ကျောင်းစာကိုမူ
အမိအရကျက်ကြသည်။ စာမေးပွဲတွင် ကျက်ထား သမျှ မကြွင်းမကျန်ပြန်ရေးသည်။ သို့သော် မေးခွန်းနှင့်လိုက်အောင်
ကျက်ထားသည်များထဲက လိုသလောက်သာထုတ်ပြီး အကျိုးသင့်အကြောင်းသင့် ကိုယ်ပိုင်အရေးအသား
ကိုယ့်အမြင်၊ ကိုယ့်အယူအဆများကို ပြန်လည်မရေးတတ်ကြပေ။ ကိုယ်စွမ်း ကိုယ်စ ထုတ်သုံးနိုင်စွမ်းမရှိကြပေ။
ထုတ်သုံးနိုင်ရန်လည်း ဗဟုသုတဝမ်းစာမရှိခဲ့ပါ။ လေ့ကျင့်ပေးမှုလည်းမရှိ၊ မလေ့ကျင့်ခဲ့ပေ။
ပြင်ပဗဟုသုတနှင့် ရသစာပေများ မဖတ်ခဲ့ခြင်း၏ ဆိုးကျိုးရလဒ် ဖြစ်ကြောင်းကိုလည်း မသိခဲ့ကြပေ။
ကျောင်းစာနှင့်ပတ်သက်၍ သူတို့ဆီက ထူးခြားကောင်းမွန်သည့် အဖြေမျိုးမရတတ်၊ စာကိုအလွတ်ကျက်ပြီးမှ
ပြန်ရေးတတ်သည့် အကျင့်ကြီးက စွဲနေ၍ အဆီ အငေါ်မတည့်သည်များ ဖြစ်ကုန်သည်ဟု ဆရာကြီးက ဆိုပါသည်။
ကျောင်းစာလောက်သာကျက်၍ စာမေးပွဲရမှတ်ကောင်းသော်လည်း ဉာဏ်ရည်ဟောင်းလောင်းဖြင့် ဘွဲ့ရသွားကြပေသည်။
ကျောင်းစာပြင်ပမှ
စာပေများကိုဖတ်သည့် လူငယ်များ တက္ကသိုလ်သို့ရောက်လာ၍ “ကျောင်းစာ” များကို ဆွေးနွေးရာတွင်
အလွတ်ကျက်သူများထက် ချက်ကျ၊ လက်ကျ ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးနိုင်သည်။ စာဖတ်သည့်
လူငယ်များသည် သူတို့အရွယ်များမှာ ရှိသင့်ရှိအပ်သော အသိပညာ ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ကြသည်။
မည်သည့်အသက်မွေးဝမ်းကျောင်းပညာရပ် (သို့) အထူးပြု ဘာသာရပ်ဖြင့် တက္ကသိုလ်တွင် သင်ကြားသည်ဖြစ်စေ
စာများများဖတ်ထားသည့်ကျောင်းသားက ကျောင်းစာသက်သက်လောက်သာ ဖတ်သူထက် ဉာဏ်ရည်နှင့် အသိအမြင်ဗဟုသုတ
ပိုသာမြဲ ဖြစ်သည်။ သူတို့ဖတ်သောစာများတွင် ဝတ္ထု၊ ကဗျာ၊ အတ္ထုပ္ပတ္တိနှင့် နီတိ (လူ့ကျင့်ဝတ်)
စသည့် ရသစာ များပါဝင်ပေသည်။ သုတစာပေများလည်း ပါဝင်ပါ သည်။
ရသစာပေက သူတို့ကို
ကြည်နူးစေမှု၊ အားကျ စေမှု၊ အတုယူနိုင်မှု အရသာကိုပေး၏၊ ထိုအရသာ နှင့်အတူ လူတို့အကြောင်း၊
လူ့လောက၊ လူ့အဖွဲ့အစည်းအကြောင်း၊ သတိပြုမိအောင်၊ လူများနှင့် အတူနေတတ်အောင် သင်ပေး၏။
နီတိက လူ့တန်ဖိုးကို မြင့်အောင် စေ့ဆော်ပေး၏။ သုတစာပေက သူတို့၏ အသိပညာကို မြင့်မားစေနိုင်သည်။
စာဖတ်ဓလေ့ကြောင့် သူတို့၏ အနာဂတ်လုပ်ငန်းခွင်ကို လည်း တိုးတက်စေနိုင်သည်။ စာဖတ်ယဉ်ကျေးမှုကို
မြတ်နိုးခုံမင်မှုကြောင့် ရလာသောမြင့်မားသည့် သုတ၊ ရသနှင့် ကျင့်ကြံလိုက်နာသည့် လူ့ကျင့်ဝတ်များကြောင့်
သူတို့တစ်တွေသည် အောင်မြင် ကျော်ကြားသူများ ဖြစ်လာနိုင်ကြသည်။ တချို့က လူ့ဘောင်အသိုင်းအဝိုင်းကောင်းကျိုးကိုသာ
စွမ်းစွမ်းတမံ သယ်ပိုးသူ (သို့) အောင်မြင်သူများထက် မြင့်မားသည့် “တန်ဖိုးမြင့်လူသား”
ဘဝကို တက်လှမ်းနိုင် လိမ့်မည်ဟု မြင်မိပါသည်။
အောင်မြင်ကျော်ကြားခေါင်းဆောင်တိုင်းသည်
စာဖတ်သူများပါ
ကမ္ဘာတစ်လွှား
ပေါ်ထွန်းခဲ့ကြသည့် ခေါင်းဆောင်ကောင်းများသည် စာဖတ်နာကြသူများ ပါ။ ဥပမာအားဖြင့် ယနေ့ထိ
အမေရိကန်သမ္မတများထဲတွင် အအောင်မြင်ဆုံးနံပါတ် (၂) စာရင်းတွင် ရှိနေသည့် အေဗရာဟင်လင်ကွန်း
(ပထမနေရာတွင် လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်) သည် အင်မတန်ဆင်းရဲနုံချာသော သစ်ခုတ်၊
လယ်လုပ်သည့် တောတွင်းမိသားစုမှ ဆင်းသက်လာခဲ့သည်။ စာရေးစာဖတ် တစ်နှစ်လောက်သာသင်ခဲ့ရသည်။
စာဖတ်ဝါသနာပါ၍ စာအုပ်ငှားဖတ်သည်။ စာအုပ် ဈေးကြီးသောခေတ်တွင် သစ်သားပြားပေါ် ရေးမှတ်ထားသည်။
သစ်သားမည်းသွားသောအခါ ရွေပေါ်ထိုး၍ ပြန်ဖတ်ရသည်။ သစ်ပင်ကိုခြေနှင့်ကန်ထောက်ကာ ကျောခင်းပြီး
စာဖတ်သည်၊ နေပူလာလျှင် နေရာရွှေ့ဖတ်သည်။ စာဖတ်အားကောင်းသဖြင့် ဥပဒေကို လေ့လာရာမှ ရှေ့နေဖြစ်လာသည်။
ယနေ့အခါတွင် နှောင်းခေတ်သမ္မတတချို့က အခက်အခဲရင်ဆိုင်ရလေတိုင်း အိမ်ဖြူတော်ရှိ သမ္မတလင်ကွန်းဓာတ်ပုံ
ရှေ့တွင်ရပ်ပြီး “သမ္မတကြီးသာဆိုရင် ယခုပြဿနာကို ဘယ်လိုဖြေရှင်းပါမလဲခင်ဗျာ” ဟု တလေးတစားမေးပြီး
ဦးညွှတ်ကြပါသတဲ့။ “စာဖတ်အားကောင်း သည့် အထုံပါရမီက တောတွင်းသားလေး “လင်ကွန်း” ကို အမေရိကန်နိုင်ငံရဲ့
ယနေ့ထိ ဒုတိယ လေးစားသည့် သမ္မတဘဝ”ဆီ တွန်းပို့ပေးခဲ့သည်။
အိန္ဒိယခေါင်းဆောင်ကြီး
ဂန္ဒီသည်လည်း အလွန်စာဖတ်သူဖြစ်၏။ မြန်မာ့သမိုင်းတွင် မိတ္ထီလာနယ်မှ လယ်သမား “ငညို”
ကို မင်းလေးပါး ၏ ကိုးကွယ်ခံမင်းဆရာ “ဝန်ဇင်းမင်းရာဇာ” ဘဝဆီသို့ လည်းကောင်း၊ စာဖတ်လွန်းသည့်
မောင်အောင်ဆန်းနှင့် မောင်နုတို့လို တက္ကသိုလ်ကျောင်းသားများကို လွတ်လပ်ရေးဖခင်နှင့်
နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင် လွတ်လပ်ရေးမော်ကွန်းဝင်ခေါင်းဆောင်များဆီသို့၊ ထို့အတူ
စာပေပါရမီရင့်သည့် ကျောင်းဆရာ နှင့် အစိုးရအဖွဲ့အတွင်းဝန် ပန်းတနော်သား မောင်သန့်ကို
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သက်တမ်း နှစ်ကြိမ်၊ ၁၀ နှစ် ထမ်းဆောင်ခဲ့သည့် “ကမ္ဘာ့ခေါင်းဆောင်
မြန်မာ့ဦးသန့်” ဟူသည့် မြန်မာ့ သားကောင်းတစ်ဦးအဖြစ်သို့နှင့် စာဖတ်နေရမှ ဘဝပြည့်စုံသည်ဟုခံယူ၍
အလုပ်တွေများသည့် ကြားမှ စာဖတ်နေသည့် ကမ္ဘာကျော် “မိုက်ခရိုဆော့” ကုမ္ပဏီသူဌေးကြီး
ဘီလ်ဂိတ် အပါ အဝင် ယနေ့အောင်မြင်နေကြသည့် လူကြီးလူငယ်များက သက်သေခံနေပါသည်။ သူတို့လက်ဆင်ပေး
သည့် အဖိုးတန်ရတနာကတော့ ကြီးပွားချင်၊ အောင်မြင်ချင်၊ လောကဓံကို ရင်ဆိုင်ကျော်လွှား
လိုလျှင် ဉာဏ်ရည်မြင့်အောင် “စာဖတ်ကြပါ”၊ အောင်မြင်မှုသရဖူကို မပြတ်ဆက်ထိန်းလိုလျှင်
“စာဖတ်သည့်ယဉ်ကျေးမှုမှာ ပျော်မွေ့ပါ” ဟု ဆိုသည့် သင်ခန်းစာပါ။
စာဖတ်ခြင်းမှသည်
ဉာဏ်ရည်မြင့်လူသားဆီသို့
အထက်ဖော်ပြပါ
စာဖတ်ပါရမီကြီးကြသူများ၏ အားသာချက်၊ ဉာဏ်ရည်ဉာဏ်သွေးများသည် “နှုတ်မှုနှင့် ဘာသာစကားစွမ်းရည်
လိမ္မာကျွမ်းကျင်မှု” သက်သက်သာ ဖွံ့ဖြိုးလာရုံမကပါ။ “လူမှုဆက်ဆံ ရေး” “ကျိုးကြောင်းဆက်စပ်နိုင်မှု”
“မိမိကိုယ်ကို ရှုမြင်သုံးသပ်နိုင်မှု” “အမြင်နှင့် ခံစားချက်ကို ပြန်လည်ပုံဖော်နိုင်မှု”
စသည့် ဉာဏ်ရည်များကိုပါ ကျွဲကူးရေပါ မြင့်မားလာစေသည်၊ ဖွံ့ဖြိုးစေပါသည်။ သို့ပါ၍ သူတို့အောင်မြင်မှုသရဖူကို
ဆက်ထိန်းနေကြသည်။ ခြုံ၍ပြောရလျှင် ဉာဏ်ရည် (ဉာဏဗလ) ကိုဖွံ့ဖြိုးစေသည့် စာဖတ်ခြင်းကြောင့်
လူသားသည်-
(က) အသိကြွယ်ခြင်းနှင့်
ဗဟုသုတများခြင်းကြောင့် မိမိအနာဂတ်အတွက် ခိုင်မာသည့် ဆုံးဖြတ်ချက်ချနိုင်ခြင်း၊
(ခ) သူများအပြောမှာ
အဆုံးမသတ်၊ စဉ်းစားတွေးခေါ် သုံးသပ်နိုင်မှုစွမ်းရည်မြင့်မား လာစေခြင်း၊
(ဂ) စာပေတွင်
ပါဝင်သည့် အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့် လူ့အဖွဲ့ အစည်းအောင်မြင်မှုတွင်
အသုံးချနိုင် ခြင်း၊
(ဃ) စိတ်ထားနူးညံ့သိမ်မွေ့လာပြီး
လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊
(င) အာရုံစူးစိုက်သည့်
အလေ့အကျင့် ဖြစ်ထွန်းလာခြင်း၊
(စ) စိတ်ကူးစိတ်သန်းကောင်း၍
ဖန်တီးနိုင်မှု စွမ်းရည်မြင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊
(ဆ) တော်သလောက်
ဖြူစင်စိတ်ထားပြည့်ဝသည့် လူကောင်းတစ်ဦးအနေဖြင့် ပြည့်ဝသည့်ဘဝကို ဖြတ်သန်းရှင်သန်နိုင်ခြင်း၊
(ဇ) နေ့စဉ်လူမှုဘဝပြဿနာများကို
အေးအေးချမ်းချမ်း ရင်ဆိုင်ဖြေရှင်းနိုင်သည့် စွမ်းရည်မြင့်မား လာ၍ ဘဝတိုးတက်အောင်မြင်လာခြင်း
(ဈ) စိတ်ဖိစီးမှုကို
လျှော့ချနိုင်၍ မိမိကိုယ်ကို
ယုံကြည်မှုစွမ်းအား မြင့်မားလာခြင်း - - - စသည့်
အရည်အသွေးများကို ပိုင်ဆိုင်လာပါသည်။ စာဖတ်ခြင်းသည် သာမန်အဆင့် လူသားတစ်ဦးကို “ဉာဏ်ရည်မြင့်လူသားဘဝ”
ဆီသို့ တွန်းပို့ပေးစေပါသည်ဟု ပညာရှင်များက လက်ခံထားကြသည်။ သူများထက်သာလွန်သည့် ဉာဏ်ရည်မြင့်လူသားဖြစ်လိုလျှင်
“စာဖတ်ခြင်းကို အထုံပါရမီဖြစ်အောင် လေ့ကျင့်” ပါဟု ဆိုလိုခြင်း ဖြစ်ပေသည်။
အချုပ်အားဖြင့်
ပညာရေးသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို ဉာဏ်ရည် (ဉာဏဗလ) မြင့်မားသည့် လူကောင်း၊ လူတော်ဖြစ်ရန်
လေ့ကျင့်ပေးသည့်လုပ်ငန်းဖြစ်၍ ပညာရေးက သမိုင်း စဉ်ဆက်လေ့ကျင့်ပေးခဲ့သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပေသည်။
တော်သလောက်ကောင်းသူများ မွေးထုတ်နိုင်ရန်အတွက် ကျောင်းများတွင် စာဖတ်သည့်ယဉ်ကျေးမှုထွန်းကားပြီး
“ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းပြည့်ဝစေနိုင်သည့် စာများများ ဖတ်သူများ အစဉ်ပေါ်ထွန်းနေစေရန်”
တစ်နည်း အားဖြင့် “ဉာဏ်ရည်မြင့်နိုင်ငံသားများ” ပြည့်လျှမ်းလာစေရန်ဟူသည့် မြင့်မားသည့်
မျှော်မှန်းချက်ဖြင့် မြန်မာ့ပညာရေးက မဖြစ်မနေလေ့ကျင့်ပေးရန် လိုအပ်နေပါပြီ။
ဆောင်းပါးအစတွင်
ညွှန်းခဲ့သည့် တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်၏ “စာဖတ်ချိန်မရှိအောင်၊ အောင်မြင်ဖို့ကြိုးစားနေပါတယ်
ဆိုတဲ့သူတွေဟာ ဘယ်တော့မှ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မဟုတ်ပါဘူး” ဆိုသည့် စာဖတ်ပျင်း၍
လူ့အရည် အသွေးညံ့ဖျင်းလာကြသူများ၏ နောက်ဆက်တွဲ ရလဒ်ဖြစ်သည့် ပြောသမျှယုံ၊ အမှားနှင့်
အမှန် အကောင်းနှင့်အဆိုး၊ ဓမ္မနှင့်အဓမ္မ ခွဲခြားနိုင်မှု အားနည်းပြီး ကိုယ်ချင်းစာနာမှုလည်း
ကင်းဝေးကာ ကျောင်းစာလောက်သာ သိတာတတ်တာလောက်ကို အဟုတ်ထင်နေသည့် လူပိန်းလူညံ့များ မြန်မာ့မြေပေါ်မှ
ပျောက်ကွယ်သွားပါလိမ့်မည်။ မြန်မာ့ပညာရေးသည် မျိုးဆက်တိုင်း ကျောင်းကထွက်သွားလျှင်
“စာဖတ်ပါရမီ” ရင့်သန်ကာ မိမိကိုယ်ကို အမြဲတမ်းဖြည့်ဆည်းနေသည့် ပြည့်ဝနိုင်ငံသား များပေါ်ထွန်းလာအောင်
လေ့ကျင့်ပေးရန် လိုအပ်ပါ လိမ့်မည်။
မြင့်မားသည့်
နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်ပညာရေးဖြစ်လာကာ ဆောင်းပါးတစ်နေရာ မှာ မြန်မာ့သားကောင်း
ဦးသန့်၏ အမြဲခေတ်ရှေ့ပြေးစကားဖြစ်သည့် “စာဖတ်လို့ ဖွံ့ဖြိုးသည့် မြန်မာ့ လူ့အဖွဲ့အစည်း၊
ဆက်လက်ဖွံ့ဖြိုးမှုအရှိန်ကို မြှင့်တင်ရန် စာဖတ်မှုပါရမီဖြည့်နေသော နိုင်ငံသား များဖြင့်
ပြည့်လျှမ်းနေသည့် နိုင်ငံတော်ဘဝ” ကို ကျွန်တော်တို့ ရောက်ကြမှာပါ။ ထိုဘဝရောက်ရှိ စေရန်
“မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စာဖတ်သည့်အလေ့အကျင့်ကောင်းကို မြန်မာ့စာသင် ကျောင်းတွေက
“စာဖတ်ယဉ်ကျေးမှု”အဆင့်ရောက် သည်အထိ လေ့ကျင့်ပေးနိုင်ပါမှ နိုင်ငံဖွံ့ဖြိုးမည်” ဟူသည့်
“မြင့်မားသည့် ပညာရေးရည်မှန်းချက်” ဖြင့် ယနေ့မြန်မာ့ပညာရေးက မဖြစ်မနေ လေ့ကျင့် အကောင်အထည်ဖော်ပေးရန်
လိုအပ်နေပါပြီ။
ကျွန်တော်တို့၏
ပညာရေးသည် “ရမှတ်ကောင်းကောင်း ဉာဏ်ရည်ဟောင်းလောင်း” မျိုးဆက် များလောက်သာ လေ့ကျင့်ပေးသည့်ဘဝက
လွတ်မြောက်ပြီး “ဉာဏ်ရည်မြင့်လို့ ပွဲလယ်တင့်ကြသည့် နိုင်ငံသားများ” လေ့ကျင့်ပျိုးထောင်ပေးသည့်
နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်တွင် ခေါင်းမော့ရင်ကော့ပြီး လျှောက်လှမ်းနိုင်သော
“မြင့်မားသည့် မြန်မာ့ပညာရေး” ဖြစ်လာလိမ့်မည် ဟု ယုံကြည်မိပါသဖြင့် အကြံပြုရေးသားလိုက်ရပါသည်။
။
No comments:
Post a Comment