မော်လမြိုင် ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို နိုဝင်ဘာ ၂၈
ရက်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်
ဦးညီညီစိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊
စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်တို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က
ဘင်ခရာအဖွဲ့နှင့် ပန်ပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေပေးအပ်၍ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုနေမှု၊ မြန်မာ့သိုင်း၊ Fitness Dance နှင့် တိုက်ကွမ်ဒို သရုပ်ပြသနေမှုများကို လည်းကောင်း၊ ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြည်ပြိုင်ပွဲ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ကျောင်းသား၊ ကျောင်းသူများမှာ ဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲများ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ စာအုပ်ဈေးရောင်းပွဲများ၊ ကျောင်းသား၊ ကျောင်းသူများမှ သိပ္ပံပြခန်း၊ ဌာနဆိုင်ရာ ပြခန်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ ရုပ်ပုံဆက်၊ စကားလုံးဆက်၊ ခါးလှည့်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်၊ အပြေးပြိုင်ပွဲ၊ ဘောလုံးမှုတ်ပြိုင်ပွဲ၊ ဆန်ကောရွက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေမှု၊ ဖျော်ဖြေရေးတီးဝိုင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ
ဦးစွာ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့
သွားကြစို့ သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည်
ခိုင်မာတိုးတက်စေရမည်” video Clip ကို ပြသခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထများ
ဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့်
ကျင်းပခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊
ရှိပြီးစာကြည့်တိုက်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်နေသကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို
သထုံ၊ ချောင်းဆုံ၊ ရေးမြို့နှင့် မုဒုံမြို့ များတွင် ကျင်းပခဲ့ပြီး ယခုမော်လမြိုင်မြို့တွင်
ဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့် ကောင်းများ
စွဲမြဲလာစေရန် စာသင်ကျောင်းများတွင် စာပေဆိုင်ရာ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ
ကျင်းပပြုလုပ်ခြင်းစသည့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို စာပေစိတ်ဓာတ်ထက်သန်သည့်
ဆရာ၊ ဆရာမများ၏ ဦးစီးဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုသလို ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့်လည်း
ယခုလိုငယ်ရွယ်စဉ်ကစလို့ စာဖတ်သည့် အလေ့အကျင့်ကောင်းများ စွဲမြဲလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်
တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊
ကျောင်းသူများက “ရာမညတိုင်းဆီလာခဲ့ပါ”၊ အခြေခံပညာ အထက်တန်းကျောင်း(ကော့ခမယ်)မှ “သာစွမွန်ဌာနေ”၊
အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရသစ္စာ”၊ ပါရမီကိုယ်ပိုင်အထက်တန်းကျောင်းမှ
ကျောင်းသား၊ ကျောင်းသူများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ
“စာပေဒေသာ ဝေဆာစေ”တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေ ကပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကျင်းပရေးအတွက် ထောက်ပံ့ငွေကျပ်(၂၀)သိန်း ပေးအပ်ခဲ့ရာ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က လက်ခံရယူပြီး၊
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် စာအုပ်စာစောင်နှင့်
အလှူငွေများ ပေးအပ်လှူဒါန်းရာ မော်လမြိုင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက်
မွန်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျပ်သိန်း(၂၀)တန်ဖိုးရှိ စာအုပ်၊ စာစောင် (၅၀၀)အုပ်၊ ချမ်းမြေ့ဂုဏ်ဆေးရုံမှ အလှူငွေကျပ်(၅)သိန်း၊
ဦးမြင့်ဇော်ဦး (စက်သုံးဆီဆိုင်)မိသားစုမှ အလှူငွေကျပ်(၅)သိန်း၊ အကောက်အခွန်ဦးစီးဌာနမှ
အလှူငွေကျပ်(၅)သိန်း၊ ရွှေလုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ်(၁၀)သိန်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ
အလှူငွေကျပ်(၂၀)သိန်း၊ မော်လမြိုင်ကိုယ်ပိုင်ကျောင်းများမှ အလှူငွေကျပ်(၂၅)သိန်း၊ ဆီလုပ်ငန်းရှင်များအသင်းမှ
အလှူငွေကျပ်(၆)သိန်း၊ ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း၊ သစ်တောဦးစီးဌာနမှ
အလှူငွေကျပ်(၈)သိန်း၊ ရေသန့်လုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ်(၅)သိန်း၊ ဦးရဲအောင်(IVY
စားသောက်ဆိုင်)မှ အလှူငွေကျပ်(၅)သိန်း၊ စက်သုံးဆီများအသင်းမှ အလှူငွေကျပ်(၅)သိန်း၊
မင်္ဂလာဘုရင်ရုံမှ အလှူငွေကျပ်(၁)သိန်း၊ မွန်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ
ဦးချိုချိုမှ အလှူငွေ(၆)သိန်း စုစုပေါင်း အလှူငွေကျပ်(၁၃၆)သိန်းတို့ကို အသီးသီးပေးအပ်လှူဒါန်းပေးကြရာ
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က
လက်ခံရယူခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ဂုဏ်ပြုဖြေဖျော်ခဲ့ကြသည့်
ကျောင်းသား/သူများအတွက် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ရာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး အခမ်းအနားအပြီးတွင်
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)
No comments:
Post a Comment