Monday, December 2, 2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား ပို့ဆောင်နှုတ်ဆက်၊ ချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနား တက်ရောက်


ပုသိမ် ဒီဇင်ဘာ ၂

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့မှ ဘောလုံး(အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) အားကစားအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့မှ နေပြည်တော်သို့ထွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည်  ပုသိမ်မြို့၊ ရွှေရုပ်တုအဝိုင်းရှေ့တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့သည် မြန်အောင်မြို့၊ အောင်ဇေယျ အားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ ကြီးမှူးကျင်းပသော  အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို  ဆက်လက်တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိကြီးများက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက် ရွတ်ဖတ်ပဆန်းဖွယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် သဘာပတိကြီးက သဘာပတိ မိန့်ခွန်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား ပေါင်းစုံမှီတင်းနေထိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသား စာပေသင်ကြားရေးနှင့် တိုင်းရင်းသားရိုးရာ ဓလေ့ပွဲတော်များအား အစဉ်အလာမပြတ် ကျင်းပနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း ညီညီညွတ်ညွတ် စုစုစည်းစည်းဖြင့် တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်း” နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက အရှိုချင်းကောက်သစ်စားပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ကန်တော့ငွေများ ပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီ တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက ဒေသခံ ချင်းတိုင်းရင်းသားများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment