အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခု အဖြစ် Naypyitaw State Polytechnic University ကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အဖြစ် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University ငါးခုကို ကျိုင်းတုံ၊ ပင်လုံ၊ မြိတ်၊ ထားဝယ်နှင့် မအူပင်မြို့တို့တွင် နိုဝင်ဘာ ၂၁ ရက်က တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ရာ Polytechnic University များနှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည်။
မေး ။ ။ Naypyitaw Polytechnic University ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ နေပြည်တော် ကောင်စီနယ်မြေက
မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်တာနဲ့အညီ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေဖို့၊
နိုင်ငံတော်နဲ့ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှာ လိုအပ်လျက်ရှိတဲ့ အင်ဂျင်နီယာနဲ့
ကွန်ပျူတာပညာရပ်ဆိုင်ရာ လူငယ်ကျွမ်းကျင် ပညာရှင်တွေကို အရည်အချင်းပြည့်ဝစွာ လုံလုံလောက်လောက်ကဏ္ဍစုံစွာ
ပျိုးထောင်မွေးထုတ်ပေးနိုင်ဖို့၊ နိုင်ငံ့အကျိုးပြု သုတေသနစီမံကိန်းတွေကို မြှင့်တင်ဆောင်ရွက်နိုင်ဖို့၊
ဒေသတွင်းပြည်သူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူပြုနိုင်စေဖို့
စတဲ့ရည်ရွယ် ချက်တွေနဲ့တည်ထောင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ ဘယ်လိုဘာသာရပ်တွေကို သင်ကြားပို့ချ ပေးပြီး ဘယ်လိုဘွဲ့ ချီးမြှင့်မယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ ။ ။ သင်ကြားမယ့်ဘာသာရပ်တွေကတော့ အင်ဂျင်နီယာအထူးပြုဘာသာရပ် ခုနစ်ခုဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာအင်ဂျင်နီယာ ဘာသာရပ်၊ စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်နဲ့ ဗိသုကာဘာသာရပ်အပြင်၊ ကွန်ပျူတာ သိပ္ပံဘာသာရပ်နဲ့ ကွန်ပျူတာနည်းပညာဘာသာ ရပ်တွေကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။
ဘွဲ့တွေအနေနဲ့ အင်ဂျင်နီယာအထူးပြုဘာသာ ရပ်ဘွဲ့ ခုနစ်မျိုးဖြစ်တဲ့ Civil ၊ Mechanical ၊ Electrical Power ၊ Electronics ၊ Computer Engineering and Information Technology ၊ Agricultural Engineering နဲ့ Architecture စတဲ့ Bachelor of Engineering ဘွဲ့တွေနဲ့ ကွန်ပျူတာအထူးပြုဘာသာရပ်ဘွဲ့အနေနဲ့ Bachelor of Computer Science (Software Engineering) နဲ့ Bachelor of Computer Technology (Network and Communications) ဘွဲ့ နှစ်မျိုး စုစုပေါင်း ဘွဲ့ ကိုးမျိုး အပ်နှင်းသွားမှာပဲဖြစ်ပါတယ်။
အင်ဂျင်နီယာအထူးပြု ဘာသာတွေကို ငါးနှစ်၊ ကွန်ပျူတာအထူးပြုဘာသာရပ်တွေကို လေးနှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ တက္ကသိုလ်ဝင်ခွင့်ရမှတ်အနေနဲ့ ဘယ်လို သတ်မှတ်ထားတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ တက္ကသိုလ်ဝင်ခွင့်ရမှတ်အနေနဲ့ အင်ဂျင် နီယာအထူးပြုဘာသာရပ်တွေကို ရန်ကုန်နည်းပညာတက္ကသိုလ်နည်းတူ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်လေးခု စုစုပေါင်း ရမှတ် ၃၀၀ နဲ့ အထက်၊ ကွန်ပျူတာအထူးပြု ဘာသာရပ်တွေအတွက် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နည်းတူ အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်နှစ်ခုပေါင်းရမှတ် ၁၄၀ နဲ့အထက် (သို့မဟုတ်) စုစုပေါင်းရမှတ် ၄၅၀ နဲ့အထက် သတ်မှတ်ထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုအထောက်အကူပြုနိုင်မလဲ ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ဒီတက္ကသိုလ်က နိုင်ငံတော်တည်ဆောက် ရေးမှာ ကျင့်ဝတ်လိုက်နာပြီး အရည်အချင်းပြည့်ဝတဲ့ အင်ဂျင်နီယာပညာရှင်တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်သလိုဒေသတွင်းနဲ့ နိုင်ငံတကာ အင်ဂျင်နီယာဘွဲ့ရလူငယ်တွေနဲ့ ရင်ပေါင်တန်းနိုင်မယ့် မျိုးဆက်သစ်အင်ဂျင်နီယာတွေကို မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့စီမံကိန်းတွေ၊ သုတေသနလုပ်ငန်းတွေ မှာလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးအခုထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ဒေသအသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ပိုလီတက္ကနစ်တက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေကို အခုထက်ဥပဓိရုပ်ပိုမို ကောင်းမွန်စေရေး၊ အခြေခံအဆောက်အဦတွေ ဖြည့်ဆည်းပေးရေး၊ သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းပေးရေးတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြီးတော့ ဆရာ၊ဆရာမတွေရဲ့ သင်ကြားရေးနဲ့ သုတေသနဆောင်ရွက်မှု အရည်အသွေးပြည့်ဝစေရေး၊ University Industry Linkage ပိုမိုအားကောင်း ခိုင်မာစေရေး၊ နိုင်ငံတကာတက္ကသိုလ်၊ အဖွဲ့အစည်းတွေနဲ့ သင်ကြားသင်ယူမှုနဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး၊ တက္ကသိုလ်တွေရဲ့ အရည်အသွေးအာမခံမှုနဲ့ အကဲဖြတ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
မေး ။ ။ Polytechnic University တွေရဲ့ သဘော သဘာဝကို သိပါရစေ။
ဖြေ ။ ။ Polytechnic University
မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာဘာသာရပ်တွေ၊ အသုံးချသိပ္ပံ၊ စီးပွားရေးနဲ့စီမံခန့်ခွဲမှုဆိုင်ရာ
အဆင့်မြင့်ပညာရပ်တွေကို ဘွဲ့ကြိုသင်တန်းတွေ သာမကပဲ ဘွဲ့လွန်သင်တန်းတွေအထိ ဘာသာရပ်နယ်ပယ်စုံလင်စွာ
လက်တွေ့ကျကျ လေ့ကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။
အခုခေတ်မှာ နိုင်ငံ့အကျိုးပြုစီမံကိန်းတွေ၊ အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ အင်ဂျင်နီယာဘာသာရပ်ပေါင်းစုံ ပေါင်းစပ်ပြီးအသုံးချဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာစွယ်စုံလေ့ကျင့်သင်ကြားပေးတဲ့ Poly-technic University တွေ ဖွင့်လှစ်မှုနဲ့လည်း ကိုက်ညီမှု ရှိပါတယ်။
Polytechnic University ဆိုတာ လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက်သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်ဖြစ်ပြီး လက်တွေ့အသုံးချနည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို နက်နဲစွာလက်ဆင့်ကမ်းသင်ကြားပေးမှုတွေနဲ့အတူ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ပေးတာပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ဘာသာရပ်နယ်ပယ်အားလုံးကို လူမှုဘဝနယ်ပယ်မှာ ပြန်လည်အသုံးချနိုင်ပြီး ဆန်းသစ်တီထွင်မှုနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Polytechnic University တွေဟာ ဘာသာရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချတဲ့ နေရာတစ်ခုဖြစ်ပြီးတော့ ဘွဲ့ကြိုသင်တန်းတွေသာမက ဘွဲ့လွန်သင်တန်းတွေ၊ သုတေသနလုပ်ငန်း တွေကိုပါ ကျယ်ပြန့်စွာဆောင်ရွက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံတကာမှာ Polytechnic University တွေကို ဘယ်လိုမျိုး ဆောင်ရွက်နေလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ နိုင်ငံတကာမှာလည်း Polytechnic University တွေကို ထူထောင်ပြီးအောင်မြင်စွာ သင်ကြားပို့ချနေကြတာတွေ ရှိပါတယ်။ အစောဆုံးအနေနဲ့တော့ Ecole Polytechnique ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ဝ ကျော်ကတည်းက ပြင်သစ် နိုင်ငံမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အာရှမှာ ဆိုရင် Hong Kong Polytechnic University(PolyU)ဆိုတာ အစိုးရတက္ကသိုလ်တစ်ခု ဖြစ်ပြီး မဟာဌာနကြီး ရှစ်ခုကနေသိပ္ပံ၊ စီးပွားရေး၊ ဆောက်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ အင်ဂျင် နီယာ၊ လူမှုသိပ္ပံ၊ ကျန်းမာရေး၊ လူမှုရေး၊ ဒီဇိုင်း၊ ဟိုတယ်နှင့်ခရီးသွားစီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို ပို့ချပေးပါတယ်။
မေး ။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားနဲ့ အတူ တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ရာပြည့်အခမ်းအနားနဲ့အတူ တက္ကသိုလ်စတင်ဖွင့်လှစ်နိုင်ခဲ့မှုက ထူးခြားမှုတစ်ခုပါ။ တစ်နိုင်ငံလုံးရဲ့ ပညာရေးစနစ်နဲ့ကြည့်မယ် ဆိုရင် နိုဝင်ဘာ ၂၁ ရက်ဟာ နိုင်ငံတော်က KG+12 ပညာရေး စတင်ဆောင်ရွက်တဲ့နေ့လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားမှာ အင်ဂျင်နီယာ ပညာစွမ်းအားနဲ့ ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အတူတကွဖန်တီးတည်ဆောက်ကြပါစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ဖိုရမ်၊ စာတမ်းဖတ်ကြားမှုတွေ၊ ခေတ်အဆက်ဆက် မြန်မာအင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးတိုးတက်လာမှုကို လေ့လာသိရှိနိုင်ဖို့ သမိုင်းပြခန်းတွေ၊ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူတွေရဲ့ ပရောဂျက်ပြပွဲတွေ ပါဝင်ပါတယ်။ ပြီးတော့ ကျောင်းသားပဟေဠိပြိုင်ပွဲတွေ၊ Hackathon၊ Esports ၊ Talk show ၊ Engineering Battle တွေ ပါဝင်ပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြား လိုတာရှိရင် ပြောကြား ပေးစေလိုပါတယ်။
ဖြေ ။ ။ နှစ်တစ်ရာ တစ်ကြိမ်သာကြုံရတဲ့ ကြုံတောင့်ကြုံခဲ သမိုင်းဝင်ရာပြည့် အခမ်းအနားမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ အားလုံးပါဝင်ပြီး Naypyitaw State Polytechnic University ကို အောင်အောင်မြင်မြင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူပါတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။ ထို့အတူ ယနေ့မှာ KG+12 သင်ရိုးသစ်နဲ့အတူ တက္ကသိုလ်တွေမှာ စတင်ဖွင့်လှစ်သင်ကြားမှုကြောင့် ထူးခြားတဲ့ နေ့တစ်နေ့ဖြစ်တယ် ဆိုတာကိုလည်း ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းဝင်း
ဓာတ်ပုံ - အေးသန်း
No comments:
Post a Comment