Tuesday, November 5, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေး

 


နေပြည်တော် နိုဝင်ဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် ယနေ့ညနေပိုင်းတွင် ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။






ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ယူနန်ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်းဖြင့် ဦးစွာပြောကြားပြီး ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြားအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်မှုများကို အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံမှု ၇၅ နှစ် စိန်ရတုကာလသို့ မကြာမီရောက်ရှိတော့မည်ဖြစ်ပြီး နှစ်နိုင်ငံအကြားနက်ရှိုင်းသည့် ဆက်ဆံရေးကောင်းများရှိကာ အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြောင်းဖြင့်ပြောကြားပြီး နှစ်နိုင်ငံအကြားခွဲခြား၍မရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားပြီးဖြစ်သကဲ့သို့ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည်လည်း ခွဲခြား၍မရနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာလျင် သွင်းကုန်၊ ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကမ္ဘာတစ်ဝန်း၌ တိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့လာရသည့် စားရေရိက္ခာလိုအပ်ချက်အား မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားသည့်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတများကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုမှု၊ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် သွားရန်မြန်မာနိုင်ငံဘက်မှ အသင့်ရှိသည့်အခြေအနေများနှင့် နှစ်ဖက်ကူးလူးဆက်ဆံသွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါ လာကြသည့်အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးနှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် အမြဲတမ်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးမှ တည်ခင်းဧည့်ခံသည့် ညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment