နေပြည်တော် နိုဝင်ဘာ ၅
နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် အရှေ့ဘက်အရပ်မှ ယနေ့နံနက်ပိုင်း လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။
ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်း
လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့်
ကြိုတင်ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအားလုံးကို လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သဖြင့်
Fixed Wing ၃ စီးသည် လမ်းခရီးတွင် ပျက်ကျပျက်စီးခဲ့သည်။
ထိုသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ပစ်ချဟန့်တားမှုကြောင့် Fixed Wing များ
ပျက်စီးကျရောက်မှုများကို ဒေသခံပြည်သူများက သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက
အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့် ရှာဖွေစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ
လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီး ၁ စီး၊ ကြံခင်းစုကျေးရွာအနီး ၁ စီးနှင့် နနွင်းအိုင်ကျေးရွာအနီး
၁ စီးတို့အား ဗုံးသီးများနှင့်အတူ ရှာဖွေတွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူများ အန္တရာယ်မဖြစ်စေရေး
ဗုံးသီးများအား စနစ်တကျဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် Fixed Wing များ စတင်ပစ်လွှတ်သည့်နေရာများကို
နည်းပညာအကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက
လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်များတွင် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့်
လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment