နေပြည်တော် နိုဝင်ဘာ ၂၇
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်
အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့
တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video
Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ
စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စုနှင့်
တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးရန်ဖြစ်ကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်
ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြအတည်ပြုပြဋ္ဌာန်းသွားရမည်ဖြစ်ကြောင်း။
ဖြည့်စွက်ခွင့်ပြုငွေဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့်စီမံကိန်းများ၊
လုပ်ငန်းများအတွက် အသုံးစရိတ်များ ကိုကျခံသုံးစွဲရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း၊
မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲရန် မလုံလောက်ခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေမှ
လွှဲပြောင်းကျခံသုံးစွဲမှု မပြုနိုင်ခြင်းစသည့်အခြေအနေများကြောင့် ထပ်မံလိုအပ်လာသည့်ငွေကိုသာ
တောင်းခံ ရမည်ဖြစ်ကြောင်း၊ ဌာန၊ အဖွဲ့အစည်းများမှတောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြုငွေများသည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေဖြင့်
အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲရမည်ဖြစ်သည့်အတွက် သုံးစွဲနိုင်မည့်ကာလသည် (၄) လခန့်သာ
ကျန်ရှိကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ်မကုန်မီ လုပ်ငန်းများ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်
အသုံးစရိတ်များကိုသာ တောင်းခံကြရမည်ဖြစ်ပြီး အချိန်မီပြီးစီးအောင်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အသုံးစရိတ်များ ပိုမိုသုံးစွဲနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်း၊ ပြည်တွင်း
စားသုံးမှုအတွက် အထောက်အကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ခြင်း၊ ကုန်စည်ကူးသန်း
ရောင်းဝယ်မှုများ တိုးတက်စေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိမည့်အပြင် ပုဂ္ဂလိကကဏ္ဍ၏
ဝယ်လိုအား တိုးတက်စေနိုင်ခြင်းကြောင့် နိုင်ငံ့စီးပွားပြန်လည်တိုးတက်လာစေရေးအတွက် အစိုးရ၏ဦးဆောင်မှုနှင့်
စီးပွားရေးအခြေအနေ ပြန်လည်နိုးထလာစေရန် ဆောင်ရွက်ခြင်းဟုလည်း ဆိုနိုင်ကြောင်း။
အချို့သောကိစ္စများကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် နိုင်ငံတော်၏
အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ
ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာဆက်စပ်နေသည့်
ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံတော်၏စီးပွားရေးလည်း
ပြန်လည်ဦးမော့လာစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုး
တိုးတက်လာမှသာ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများ လျှော့ချနိုင်ပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုလည်း
လျော့ကျလာမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေး လည်ပတ်မှုများ တိုးတက်ကောင်းမွန်လာပြီး
နိုင်ငံတော်၏ ငွေကြေးကဏ္ဍတည်ငြိမ်မှုကို အထောက်အကူဖြစ် စေမည်ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်
နိုင်ငံတော်က ထပ်မံခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို နိုင်ငံတော်၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့်လုပ်ငန်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏
လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့်လုပ်ငန်းများတွင် ထိထိရောက်ရောက်ဖြစ်စေရေး ကြပ်မတ်စိစစ်သုံးစွဲကြစေ
လိုကြောင်း။
ထို့ပြင် နိုင်ငံ၏ဂျီဒီပီတိုးတက်ရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရန်
လမ်းညွှန်ထားပြီးလည်းဖြစ်ကြောင်း၊ အသုံးစရိတ်နှင့် ဆက်စပ်နေသည့် GDP ရည်မှန်းချက်များကို
ပြည့်မီစွာအကောင်အထည်ဖော်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရအဖွဲ့များက ကြိုးပမ်းဆောင်ရွက်ရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့်ဌာန၊
အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့တင်ပြခြင်းဖြစ်ကြောင်း၊
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို စိစစ်ရာမှာ သာမန်အသုံးစရိတ်အပိုင်းလိုအပ်ချက်များနှင့်
မူလခွင့်ပြုငွေတွင် ပါဝင်ခြင်းမရှိသော်လည်း နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို
ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်ချိမှုကို အထောက်အကူဖြစ်စေရန်အတွက်
၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ငွေများ တိုးမြှင့်ပေးခဲ့ကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်များ၏လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် အခွန်ဝေစုတို့ကိုလည်း
ခွင့်ပြုပေးခဲ့ကြောင်း။
ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ်များကြောင့်
ကာကွယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် နေရပ်စွန့်ခွာပြည်သူများ၏
စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုရန်ပုံငွေသို့ ထပ်မံထောက်ပံ့ပေးရမည်ဖြစ်သည့်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏
ဖြည့်စွက်ခွင့်ပြုငွေစာရင်းရှိ ထောက်ပံ့ငွေစာရင်းတွင် ကျပ် ၂၇၅ ဘီလီယံခွင့်ပြုပေးခဲ့ကြောင်း၊
နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုထောက်ခံပေးနိုင်ပါရန်
တင်ပြအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့်
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်
ဒေါက်တာ သီတာဦးက ဥပဒေကြမ်းများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ အကြံအကြံပြုချက်များကို
လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ
ငွေစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်
အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
၎င်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်
များက အသီးသီးတင်ပြကြသည်။
နိုင်ငံ့ GDP တိုးတက်ရေး
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ GDP တိုးတက်လာမည်ဆိုပါက ဘတ်ဂျက်ပိုမိုအသုံးပြု၍
ရနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက်ရှိသည်ကိုတွေ့ရ၍
GDP တိုးတက်လာရေး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက
ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း။
နိုင်ငံ့ GDP တိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုဆိုရာ၌
နိုင်ငံအတွက်အခြေခံကျသော လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန် စိုက်ပျိုးသီးနှံများ
ပိုမိုထွက်ရှိတိုးတက်လာမည်ဆိုပါက ၎င်းကိုအခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊
စက်မှုကဏ္ဍကြီးတိုးတက်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးမြင့်လာမည်ဆိုပါက ဝန်ဆောင်မှုကဏ္ဍကြီးသည်လည်း
ဖွံ့ဖြိုး တိုးတက်လာမည်ပင်ဖြစ်သကဲ့သို့ ငွေကြေးစီးဆင်းမှုများပြားလာပြီး ဘဏ္ဍာရေးကဏ္ဍကလည်း
တိုးတက်လာမည်ဖြစ်ကြောင်း၊ ကဏ္ဍများသည် တစ်ခုနှင့် တစ်ခု ဆက်စပ်ချိတ်ဆက် တိုးတက်လာမည်ဖြစ်၍
အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တိုးတက်စေရေး အားသွန်ခွန်စိုက်ဆောင်ရွက်ရန်လိုကြောင်း။
ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ သွင်းအားစုများဈေး နှုန်းမြင့်တက်ခြင်းတို့ကို
အကြောင်းပြ၍ အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံလူတန်းစားများအနေဖြင့်
အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိကစားသုံးသည့် အသားများဖြစ်သည့် ကြက်၊ ဝက်၊ ဆိတ်၊
နွား၊ ငါးတွင် အများစုကို ဒေသအလိုက်၊ နေရာအလိုက် အောင်မြင်စွာ မွေးမြူနိုင်သည့် အခြေအနေများ
ပိုင်ဆိုင်ပြီးဖြစ်ကြောင်း၊ အမှန်တစ်ကယ်အလုပ်လုပ်ကြမည်ဆိုပါက ဒေသတွင်းစားရေးဖူလုံမှုကို
အထောက်အကူပြုနိုင်မည်ဖြစ်ကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံး နိုင်မည်ဖြစ်ကြောင်း၊
ဒေသမျိုးများကိုပင် လှောင်မွေးစနစ်ဖြင့် စနစ်တကျမွေးမြူပါက တိုးတက်မှု များပြားလာမည်ဖြစ်ကြောင်း၊
ဒေသတွင်း၌ ထွက်ရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ အစာကျွေးမွေးမည်ဆိုပါက အောင်မြင်သည့်
မွေးမြူရေးလုပ်ငန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ၏ သက်သာချောင်ချိရေးကို
အထူးအလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းများ၌လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်
ခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်းလမ်း ၃ သွယ်ဖြင့်
အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင်
ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးမြှင့်ခြင်းသည် မူလရှိပြီးအခြေခံအပေါ် တိုးတက်အောင်ဆောင်ရွက်ရခြင်းဖြစ်ပြီး
ဖြစ်နိုင်ခြေမြင့်မားသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်
လိုအပ်သည့် သွင်းအားစုများ ပြည့်ပြည့်ဝဝရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် ကြံဆဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်
သီးထပ်စွမ်းအားမြှင့်တင်ရေး၌ စိုက်ပျိုးရေရရှိရေးသည် အရေးကြီးသဖြင့် ရေရရှိရေးနည်းလမ်း
၄ ခုဖြစ်သည့် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ်ချောင်းရေ၊ မြေအောက်ရေစသည်တို့ကို ဒေသအလိုက်
ပေါင်းစပ်အသုံးပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက
GDP တိုးတက်လာပြီး နိုင်ငံ၏ဘဏ္ဍာငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့်
ကုန်ပစ္စည်းများကို အရည် အသွေးပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး
ပြည်ပပို့ကုန်များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
GDP တိုးတက်ရေးနှင့်ပတ်သက်၍ သစ်တောထွက်ကုန်တစ်ခုဖြစ်သည့် ဝါးကိုလည်း အဆင့်မြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍
ဆောင်ရွက်နိုင်မည်ဆိုပါက တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများသွားလာမှု
အဆင်ပြေစေရေးအတွက် လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့်
ထိခိုက်ပျက်စီးခဲ့သည့် မီးရထားလမ်းများ ပြန်လည်ပြုပြင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊
အလားတူ နိုင်ငံတော်တည်ငြိမ်း အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ်
ထိခိုက်၊ ကျဆုံးခဲ့ရသည့် တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သား၊
သမီးများ၊ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်စဉ် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်၊
ကျဆုံးခဲ့ရသည့် အငြိမ်းစားဝန်ထမ်းများ၏ သား၊ သမီးများ ပညာသင်ကြားခွင့်ရရှိရေးနှင့်
အသက်မွေးဝမ်းကြောင်း ပညာသင်ကြားနိုင်ရေးတို့အတွက်လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊
တက္ကသိုလ်များနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်များတွင် ကျောင်းသား၊
ကျောင်းသူများအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း။
ပဒေသာပင်မြေကြီးမပေါက်နိုင်၊ ပြည်သူနှင့်သက်ဆိုင်သော အခြေခံလိုအပ်ချက်များကို
ဖြည့်ဆည်းပေးမည်
သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးရန်အတွက်လည်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ လိုအပ်သည့် ဘတ်ဂျက်ငွေများကိုလည်း
ချထားပေးသွားမည်ဖြစ်သဖြင့် ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ဘတ်ဂျက်သုံးစွဲရာ၌ငွေရှိမှသာ
သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင်
အခွန်အခများလည်း ရရှိမည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်မှုရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအတွက်
ရင်းနှီးမြှုပ်နှံငွေနှင့် အခြားလိုအပ်ချက်များရှိပါက နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားသွန်ခွန်စိုက်ဆောင်ရွက်ရန်လိုကြောင်း၊
ယခုဘဏ္ဍာနှစ်နှင့် နောင်လာမည့်ဘဏ္ဍာနှစ်များ၌ ပြည်သူလူထုနှင့် သက်ဆိုင်သော အများပြည်သူ
အသုံးပြုနိုင်သည့် အခြေခံလိုအပ်ချက်များကို နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌
ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပဒေသာပင်မြေကြီးမှ မပေါက်နိုင်ကြောင်း၊
ကြိုးစားလုပ်ကိုင်ခြင်းဖြင့်သာ ပဒေသာပင်ပေါက်နိုင်သဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလေးအနက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များအတိုင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံထားသည့်အတွက်
နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏
စားရေရိက္ခာဖူလုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို
အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်
မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး
ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့စီးပွားရေးကို ပုံမှန်လည်ပတ်နိုင်ရေးမှတစ်ဆင့်
ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး တစ်ဦးလျှင်
တစ်လကျပ် ၃၀,၀၀၀ အပြင် ထပ်မံပြီးကျပ် ၃၀,၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊
ဩဂုတ်လ ၁ ရက်နေ့မှစ၍ ထပ်မံတိုးမြှင့်ခံစားခွင့်ပြုခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံတော်တာဝန်ကို
ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း
အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍
လစဉ်ခံစားခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့တိုးပေးခဲ့သည့်အတွက် ထပ်မံလိုအပ်လာသည့် အပိုထောက်ပံ့ကြေးများကိုလည်း
ဖြည့်စွက်ခွင့်ပြုငွေခွင့်ပြုပေးခဲ့ကြောင်း။
နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတွင် လျှပ်စစ်ဓာတ်အား ရရှိရေးသည်လည်း
အဓိကကျသည့်အတွက် ပြည်သူလူထုကို တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး
ဆောင်ရွက်သည့်အခါတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခဲ့ကြောင်း၊
ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအသုံးစရိတ်များကိုလည်း တိုးမြှင့်လျာထားပေးခဲ့ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်၂၀၂၄-၂၀၂၅
ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင်
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊
အသုံးစရိတ်များ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ
သုံးစွဲကြရန်၊ လျာထားသည့် ရငွေများကိုလည်း ပြည့်မီရုံသာမက ကျော်လွန်ရရှိအောင် ကြိုးပမ်း
ဆောင်ရွက်သွားကြရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့်
အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင်
ကြပ်မတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို
ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment