နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဟူသော အန္တိမရည်မှန်းချက်ကို ချမှတ်ထားပြီး လက်ရှိကာလတွင် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး၊ နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။
မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကျင်းပခဲ့ရာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့သော်လည်း ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ရာ တပ်မတော်နှင့် နိုင်ငံရေးပါတီများက UEC အဆင့်၊ ယင်းမှ ပြည်ထောင်စုလွှတ်တော်အဆင့်နှင့် အစိုးရအဆင့်တို့သို့ ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ တောင်းဆိုခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များက ရင်ဆိုင်ဖြေရှင်းရဲခြင်းမရှိခဲ့။
စစ်ဆေးချက်များအရ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တွင် နိုင်ငံရေးစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄၆၄၈၂၇၀ ဦး (၄ ဒသမ ၆ သန်းကျော်)၊ အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူ ၁၄၄၁၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူ ၂၀၅၆၆ ဦး၊ နှစ်ကြိမ်နှင့် သုံးကြိမ်အထက်မဲပေးခဲ့သူ ၃၈၉၁၆၁၁ ဦးအပါအဝင် မဲမသမာမှု စုစုပေါင်း ၁၁၃၀၅၃၉၀ ဦး (၁၁ သန်း ၃ သိန်းကျော်) ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုမျှများပြားသည့် မဲမသမာမှုများကို မဖြေရှင်းဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူရန် မတရားကြိုးပမ်းခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခြင်းနှင့် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခြင်းတို့ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို နိုဝင်ဘာလ ၂၂ ရက်မှစတင်၍ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်ဟူ၍ ဘာသာစကားငါးမျိုးဖြင့် Website နှင့် Mobile Application တို့တွင် လွှင့်တင်ထားရာ ပြည်တွင်းပြည်ပတို့မှ လေ့လာနိုင်ကြပြီဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားရာတွင် “ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများ မှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများတွင် အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီး ဆက်လက်၍ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မိတ်ဆွေနိုင်ငံများ၏ထောက်ခံမှုများနှင့် ကူညီထောက်ပံ့မှုပေးမည့် အခြေအနေများကိုလည်း ရရှိထားရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် ဆောင်ရွက်ရာတွင် ပြည်သူတစ်ရပ်လုံးက လှုပ်ရှားတက်ကြွ ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment