ငြိမ်းချမ်းရေးကို မြန်မာပြည်သူ တိုင်းရင်းသား တိုင်းရင်းသူတို့ မျှော်လင့်ခဲ့ကြသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုလည်း ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဟူ၍သာ ဆန္ဒပြုကြရဦးမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ မီးကုန်ယမ်းကုန်တိုက်ခိုက်မှုများမှာ ကာလတစ်ခုကြာလျှင် ငြိမ်းချမ်းရေးအသံပေးပြီး အနားတောင်းလေ့ရှိသည်။ ပြည်သူလူထုအပေါ် စေတနာမှန်စွာ၊ ရိုးသားစွာ ငြိမ်းချမ်းရေးဆွေးနွေးလိုမှုထက် စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်ပြီး ရှေ့တွင် သာဓကများစွာလည်း ရှိထားခဲ့ကြပြီးဖြစ်သည်။
ခေတ်အဆက်ဆက်တွင်
မြန်မာနိုင်ငံကို ဦးဆောင်ခဲ့ကြသည့် အစိုးရတိုင်းက ငြိမ်းချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို
သိနားလည်ထားကြသည့်အလျောက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ ယင်းသို့ကြိုးပမ်းခဲ့ကြခြင်းကြောင့်
လက်နက်ကိုင်အဖွဲ့အစည်းအချို့ မြေပေါ်သို့ ပြန်ရောက်ခဲ့ကြသော်လည်း ကုန်စင်သွားသည်ဟုမရှိခဲ့။
တစ်ယူသန် အစွဲမကျွတ်သူများ၊ သေနတ်ပြောင်းဝမှ ထွက်သည့်အာဏာကို ယစ်မူးသူများ၊ တောမှရသည့်
ကြွယ်ဝချမ်းသာမှုများဖြင့် ပြည်ပတွင် ဇိမ်ခံနိုင်သူများစသည်ဖြင့် လက်နက်ကိုင်အဖွဲ့အစည်းအားဖြင့်
တစ်နည်းနည်း အကျိုး စီးပွားဖြစ်ထွန်းနေသူတို့က လက်နက်ကို မစွန့်လွှတ်နိုင်၊ တောမှလည်း
မထွက်နိုင်။ ငြိမ်းချမ်းရေးကို ပြည်သူတို့ လိုလားတောင့်တမှန်းသိခြင်းကြောင့် လူကြားကောင်းရုံမျှသာ
အသံပေးလေ့ရှိကြပြီး တေ့တေ့ဆိုင်ဆိုင် အမှန်တကယ် စားပွဲဝိုင်းထိုင်ဆွေးနွေးပြီဆိုလျှင်မူ
ပွဲပျက်စေမည့်အပြောအဆို၊ အပြုအမူ အမျိုးမျိုးဖြင့် ပွဲဖျက်ကာ ဖျာလိပ်ပြန်သွားကြစမြဲဖြစ်သည်။
“MNDAA ၊
TNLA နှင့် AA အဖွဲ့သုံးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့်
လုပ်ဆောင်ချက်ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်” ဟူသော
ရှင်းလင်းပြတ်သားသည့် သတင်းစကားကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
(၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန်
တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ပြီးခဲ့သည့်နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ်နှင့်
တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။ “၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက
မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိပါကြောင်း၊
လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင်မည့်အစား ဖြစ်သင့်သည်ကို
လုပ်ဆောင်ကြရန်လိုကြောင်း” လည်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်ကို
မီဒီယာများတွင် မိမိတို့တွေ့ရှိခဲ့ကြရပြီး ဖြစ်သည်။
မြန်မာ့တပ်မတော်က
လက်တွေ့ကျသည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ၂၀၁၈ ခုနှစ် ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို
တစ်ဖက်သတ်ကြေညာပြီး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း
လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်လာမှသာ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ၂၀၂၂ ခုနှစ်ကို
ငြိမ်းချမ်းရေးနှစ်အဖြစ် ကြေညာကာ ယင်းနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများ
ပြုလုပ်ခဲ့သည်။ ၎င်းနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲက “ရိုးရိုးရှင်းရှင်းလေးပဲ ခင်ဗျားတို့
ကျွန်တော် ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်။ ခေါင်းဆောင်တွေကိုယ်တိုင်၊ အဖွဲ့အစည်းများရဲ့
ခေါင်းဆောင်တွေကိုယ်တိုင် ကျွန်တော်တွေ့ပါမယ်။ တစ်ဖွဲ့ချင်း ကျွန်တော်တွေ့မယ်။ ခေါင်းဆောင်တွေကိုယ်တိုင်
တစ်ဖွဲ့ချင်းတွေ့ပါမယ်။ အဲ့ဒီခေါင်းဆောင်တွေလာတဲ့အခါမှာလည်း တိုင်ပင်လို့ရအောင် အဖွဲ့ဝင်
နှစ်ယောက်နဲ့ လာခဲ့ပါ။ ပထမဦးဆုံး ကျွန်တော်စတွေ့မယ်။ တွေ့ပြီးလို့ရှိရင် ကျွန်တော်က
နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဝင် သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွေနဲ့
တစ်ဖွဲ့ချင်းဆွေးနွေးမယ်။ တစ်ဖွဲ့ချင်းဆွေးနွေးပြီး အဲ့ဒီအပေါ်မှာ ရအောင် ကျွန်တော်တို့
ရှင်းလင်းပြောမှာပေါ့။ သူတို့လိုချင်တာကိုလည်း ကျွန်တော်တို့ တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်မှာပါ။
ဒါကတော့ တစ်ဖက် တည်းကနေပြီးတော့ တင်းနေလို့မရပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိနှိုင်းဖြေရှင်းရမှာပါ။
သို့သော်လည်းပဲ ကျွန်တော်တို့သည် တစ်အချက်က ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာတော့
ကျွန်တော်တို့က ဖြစ်အောင် သွားရမယ်။ ကျွန်တော်တို့သွားချင်တာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့
ဒီမိုကရေစီနိုင်ငံတော်သွားချင်တာ။ ဒါပြည်သူတစ်ရပ်လုံးက လိုချင်တဲ့ဆန္ဒပဲ” ဟု ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်
၃/ ၂၀၂၂ သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူလူထု၏ ငြိမ်းချမ်းရေးလိုလားချက်အပေါ်
ရိုးသားဖြောင့်မတ်စွာ ကြိုးပမ်းဆောင်ရွက်မှုကို တွေ့ရှိနိုင်သည်။
အဆိုပါဖိတ်ခေါ်ကမ်းလှမ်းချက်ကို
MNDAA ၊ TNLA နှင့် AA သောင်းကျန်းသူအဖွဲ့များက ငြင်းပယ်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)
အပါအဝင် ဒေသအများအပြားတို့တွင် အင်အားသုံးတိုက်ခိုက်မှုများကို အေးချမ်းစွာနေထိုင်လိုသည့်
ပြည်သူလူထုကို မထောက်ထားဘဲ မြို့ပြများ၊ ကျေးရွာများ ပြာပုံကျ ပျက်စီးပြီး ပြည်သူအများ
ဒဏ်ရာရသေကြေသည်အထိ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ မိမိတို့တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့်
လက်နက်ကိုင်တိုက်ခိုက်မှုများ၊ တိုက်ပွဲ များ၏ အနိဋ္ဌာရုံများ ကင်းဝေးကာ ထာဝရငြိမ်းချမ်းရေးကို
အလိုရှိတောင့်တကြသည်နှင့်အညီ တစ်ဖက်ကလည်း စေတနာမှန်ကန်စွာ၊ ရိုးသားဖြောင့်မတ်စွာဖြင့်
ငြိမ်းချမ်းမှုဖွေရှာနိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment