နေပြည်တော် နိုဝင်ဘာ ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား
ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် ဝန်ထမ်းများက တာဝန်ထမ်းဆောင်မှုများနှင့်
ပတ်သက်၍လည်းကောင်း၊ ပညာတော်သင်သင်တန်းသားများက သင်တန်းတက်ရောက်မှုဆိုင်ရာများနှင့်
ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက်
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးနှင့် အခြားသော အစည်းအဝေးများကို တက်ရောက်ရန်
ရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်၏ တာဝန်များကို ရေခြား၊ မြေခြား၌
ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊
နိုင်ငံရပ်ခြားတွင် မိမိတို့နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက်ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက်
တစ်ဦးနှင့်တစ်ဦး ဖေးမကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို
ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန် ထမ်းဆောင်ရသည့်
နိုင်ငံ၏သမိုင်းကြောင်းနှင့် အလေ့အထများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြည်မပြတ်လေ့လာ၍
လိုအပ်သည်များကို သင်ခန်းစာယူကာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မည်ကဲ့သို့ဆောင်ရွက်နိုင်မည်ကို
အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
စီးပွားရေးမောင်းနှင်အားသည် အဓိကကျသောကြောင့် နှစ်နိုင်ငံအကျိုးတူ စီးပွားရေးလုပ်ငန်းများ၊
ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့်
ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌
ပေါင်းသင်းဆက်ဆံမှုကောင်းခြင်းသည် လုပ်ငန်းတာဝန်များ ပိုမိုအဆင်ပြေချောမွေ့စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံ့ဂုဏ်ကို
မြှင့်တင်ဆောင်ရွက်
နိုင်ငံအချင်းချင်းဆက်ဆံရာတွင်
သံတမန်ဆက်ဆံရေးသည် များစွာ အရေးပါသောကြောင့် ကောင်စစ်ဝန်ရုံး ဝန်ထမ်းများအနေဖြင့်
မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်လာစေရေး
နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို
မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာ၌
နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်ကြရန်လိုပြီး
မိမိတို့နိုင်ငံတော်၏အကျိုးကို တတ်စွမ်းသည့်အပိုင်းမှ
ဖော်ဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင် ပညာတော်သင် စစ်ဘက်၊ အရပ်ဘက်မှ
သင်တန်းသားများအနေဖြင့်လည်း သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထားသင်ယူသွားကြရန်လိုပြီး
အမြဲမပြတ် လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး နိုင်ငံတော်၏
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာမှုရှိစေရေးနှင့်
စစ်မှန်ပြီးရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်စေရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်
အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး
ဝန်ထမ်းမိသားစုများနှင့် တရုတ်တစ်နိုင်ငံလုံးတွင် ပညာတော်သင်ကြားလျက်ရှိသည့်
မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက်သင်တန်းသား၊ သင်တန်းသူများအတွက် လက်ဆောင်ပစ္စည်းများနှင့်
ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊
မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် သင်တန်းသား၊
သင်တန်းသူများက လက်ခံရယူကြသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံးအတွင်း
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းမိသားစုများနှင့်
ပညာတော်သင် သင်တန်းသားများ၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment