Friday, November 8, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၇

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲခြင်းကို နည်းဥပဒေစတင်ရေးဆွဲချိန်မှ ယခုအဋ္ဌမမူကြမ်း ရရှိသည်အထိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အကြံပြုချက်များအပေါ် ပုဒ်မ တစ်ခုချင်းအလိုက် အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်ရေးဆွဲခဲ့ပြီး ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ (မူကြမ်း) ကို အထက်အဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြပြီးပါက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများကို ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း။

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် လူမှုဆက်ဆံမှုကောင်းမွန်ရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများ မရှိစေရေးနှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ရန်လိုပါကြောင်း၊ မိမိတို့မှ မှန်မှန်ကန်ကန် ဆောင်ရွက်နေသော်လည်း ဆန့်ကျင်ဘက်မီဒီယာများက မမှန်သတင်းများ ထုတ်လွှင့်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ယနေ့အထိ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်မီဒီယာများမှ ထုတ်လွှင့်ခဲ့သည့် သတင်း ၁၂ ပုဒ်ရှိပါကြောင်း၊ ၎င်းတို့ထုတ်လွှင့်ခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် သတင်းစာများမှ False News အဖြစ် တန်ပြန်ထုတ်လွှင့်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဆန့်ကျင်ဘက်မီဒီယာများမှ ထုတ်လွှင့်သည့် သတင်းများစိစစ်ပြီး မှန်ကန်မှုမရှိပါက အချိန်နှင့်တစ်ပြေးညီ တန်ပြန်ထုတ်လွှင့်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ စည်းကမ်းတကျ ဆောင်ရွက်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဖွင့်လှစ်ပြီးဖြစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် () တွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲ၊ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ လာမည့်ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရည်မှန်းချက်ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအလေးထားဆောင်ရွက်ကြရန် လိုပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရေး ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဖြည့်စွက်အကြံပြု ဆွေးနွေးလိုသည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကိုအခြေခံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်ရန်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများက ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်ဆိုင်ရာကိစ္စများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အကြောင်းမဲ့ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းများအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အားသာချက်/အားနည်းချက်များကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုနှင့် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းများအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဆောင်ရွက်ရာတွင် အတင်းအဓမ္မဆင့်ခေါ်ခြင်းမျိုး မဖြစ်စေရေး သတ်မှတ်ညွှန်ကြားချက်များ၊ စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် သင်တန်းအမှတ်စဉ်အလိုက် သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment