ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် ပတ္တမြားဈေးနှင့် ကမာရွတ်မြို့နယ် ဟံသာဝတီအခွန်လွတ်ဈေးတို့၌ ဈေးသည်များ စနစ်တကျဈေးရောင်းချနေမှု၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၃၈၀ နှုန်းဖြင့် ကိုယ်တိုင်ထုတ်လုပ်သူများက ရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးပြီး အများပြည်သူ သက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များကို ဝယ်ယူရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် ဘိုကုန်းဈေး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပိတောက်မြိုင်ဈေး(မီးခွက်ဈေး)နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်ဈေးများအတွင်း စနစ်တကျ ဈေးရောင်းဝယ်ဖောက်ကားနေမှု၊ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူများက ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၃၈၀ နှုန်းဖြင့် ရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောက်ဥက္ကလာပမြို့နယ် (ဃ)ဈေး၊ လှိုင်မြို့နယ် အုတ်ကျင်းဈေး၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာအခွန်လွတ်ဈေး၊ ရွှေပြည်သာမြို့နယ် သံဒင်းဈေး၊ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဈေး၊ မင်္ဂလာဒုံမြို့နယ် ရတနာသီရိဈေးနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဒဂုံတောင်(၂)ဈေးတို့တွင် အများပြည်သူ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အခြေခံစားကုန်ကြက်ဥများကို စျေးတစ်စျေးလျှင် ကြက်ဥအလုံးရေ ၁၀၀၀၀ နှုန်းဖြင့် ကြက်ဥအလုံးရေ စုစုပေါင်း ၁၂၀၀၀၀ ကျော် ရောင်းချပေးခဲ့ကြောင်း သိရပြီး နောက်ရက်များတွင်လည်း ခရိုင်/မြို့နယ်အလိုက် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment