Wednesday, November 27, 2024

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမျိုးသားပရဆေးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး



နေပြည်တော် နိုဝင်ဘာ ၂၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ ညနေပိုင်းတွင် အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်၍ ပရဆေးဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု၊ ဆေးဘက်ဝင်ပရဆေးပျိုးပင်များ ပြုစုထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပရဆေးဥယျာဉ်အတွင်းရှိ လျှိုပိတ်ဆည်ရေကန် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထိန်းသိမ်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးအား တာဝန်ရှိသူများက တိုင်းရင်းဆေးပညာပြတိုက်အတွင်း နယကြီးလေးပါးဆိုင်ရာ ပြသထားမှု၊ ရေထွက်၊ မြေထွက်၊ အပင်ထွက် ဆေးပစ္စည်းများထားရှိမှု၊ တိုင်းရင်းဆေးဝါးစက်ရုံထုတ် ဆေးဝါးများပြသထားရှိမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးထုတ်ဝေထားရှိသော စာအုပ်များ၊ လက်ကမ်းစာစောင်များ စုစည်းထားရှိမှုတို့ကို လိုက်လံ ရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နရသုခပျိုးဥယျာဉ်အတွင်း ပရဆေးပင်များ မျိုးထိန်းထားရှိ မှု၊ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ အမှတ်တရစိုက်ပျိုးထားသည့် အပင်များထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမျိုးသားပရဆေးဥယျာဉ်အား ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေး ပညာဆိုင်ရာ ဗဟုသတရရှိစေပြီး အပန်းလည်း ဖြေစေနိုင်သည့် ဥယျာဉ်ကြီးတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားရန်၊ အမျိုးသားပရဆေးဥယျာဉ်ကို Master plan ရေးဆွဲထိန်းသိမ်းထားရှိရန်၊ ပရဆေး စိုက်ခင်းပြကွက်များကို အကွက်ချ စိုက်ပျိုးသွားရန်၊ မြေ၊ ရေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့်၊ စိုက်ပျိုးရန်ခက်ခဲသည့် ဆေးဘက်ဝင်အပင်များအား Green house စနစ်ဖြင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment