Monday, November 4, 2024

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုပါ

မေယု-မျိုးအောင် (MANA)

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုဆိုးရွားစွာ ပြောင်းလဲမှုကိုရင်ဆိုင်နေရသည့် နိုင်ငံဖြစ်ရာ မိုးရာသီတွင် ရေကြီးမှု၊ နွေရာသီတွင် အပူချိန်မြင့်မားခြင်းကြောင့် သောက်သုံးရေရှားပါးမှု၊ ဆောင်းရာသီကာလတိုတောင်းမှုဒဏ်များကို နှစ်အနည်းငယ်အတွင်း ပြင်းပြင်းထန်ထန်ခံစားလာကြရသည်။ ထိုသို့သော အခြေအနေမျိုးအတွက် အကြောင်းရင်းများစွာရှိသော်လည်း လူသားတို့၏ပယောဂကြောင့် သစ်ပင်၊ သစ်တောများပြုန်းတီးခြင်းမှာ အဓိကအချက်ဖြစ်သည်။ သစ်တောပြုန်းတီးခြင်း၏ အဓိကအကြောင်းရင်းများအနက် လောင်စာအတွက် ထင်း၊ မီးသွေးထုတ်ယူခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ လျှပ်စစ်မီးမရရှိနိုင်သေးသည့်ဒေသများ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်မှာ ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင့် ထင်းအကုန်အကျ သက်သာစေသည့် စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်း ဖြစ်သည်။ စွမ်းအားမြှင့်မီးဖိုဆိုသည်မှာ ရိုးရိုးထင်းမီးဖိုဖြင့် အသုံးပြုပါက ထင်းတစ်ပိဿာ အသုံးပြုရသော်လည်း စွမ်းအားမြှင့်မီးဖိုဖြင့် အသုံးပြုပါက ထင်း ၄ဝ ကျပ်သားသာ ကုန်ကျသည့်မီးဖိုအမျိုးအစား ဖြစ်သည်။ ကျေးလက်ပြည်သူများအနေဖြင့် တစ်နှစ် လျှင် ထင်း ဒသမ တန် သုံးစွဲရသော်လည်း စွမ်းအားမြှင့်မီးဖိုတစ်လုံး သုံးစွဲပါက တစ်နှစ်စာအတွက် ထင်းတစ်တန် ချွေတာနိုင်သည်။ ထင်းသုံးစွဲမှု၊ သဘာဝတောများအပေါ် မှီခိုမှုလျော့ကျလာပြီး အချိန်ကုန်၊ ငွေကုန် သက်သာမည်ဖြစ်သည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စုအားလုံး၏ ၆၉ ရာခိုင်နှုန်းခန့်သည် အစားအစာချက်ပြုတ်စားသောက်ရန် လောင်စာအဖြစ် သစ်သား၊ ထင်းများကို အသုံးပြုလျက်ရှိသည်။ ကျေးလက်တွင် အိမ်ထောင်စု ၈၆ ရာခိုင်နှုန်းခန့်သည် အစားအစာချက်ပြုတ်ရန် လောင်စာအဖြစ် သစ်သား၊ ထင်းကို အသုံးပြုကြပြီး ဒသမ ရာခိုင်နှုန်းသာ လျှပ်စစ်မီးကို အသုံးပြုသည်။ မြို့ပြတွင် အိမ်ထောင်စု ၅၂ ရာခိုင်နှုန်းသည် သစ်သား၊ ထင်း သို့မဟုတ် မီးသွေး၊ လောင်စာတောင့်ကို အသုံးပြုကြသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှရရှိလာသော အချက်အလက် များအရ နေအိမ်အဆောက်အအုံတွင် အစားအစာချက်ပြုတ်ရန်အတွက် အဓိကအသုံးပြုသည့် လောင်စာအမျိုးအစားများမှာ သစ်သား၊ ထင်း ၅၃ ဒသမ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး လျှပ်စစ် ဓာတ်အားမှာ ၃၇ ဒသမ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မီးသွေး၊ လောင်စာတောင့် ဒသမ ရာခိုင်နှုန်း၊ ဘိုင်အိုဂက်စ် ဒသမ ရာခိုင်နှုန်းနှင့် အခြားလောင်စာအမျိုးအစားများမှာ တစ်ရာခိုင်နှုန်းထက် လျော့နည်းသည်။

စွမ်းအားမြှင့်မီးဖိုများ ဦးစားပေးသုံးစွဲကြရန် လိုအပ်

မြန်မာနိုင်ငံတွင် ထင်းလောင်စာအသုံးပြုမှု အများဆုံးမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ဖြစ်ကြသည်။ စစ်တမ်းများအရ ကျေးလက်နှင့် မြို့ပြပြည်သူများအတွက် ထင်းလိုအပ်ချက်မှာ တစ်နှစ်လျှင် ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့်ရှိပြီး ထင်း၊ မီးသွေးသုံးစွဲမှုပမာဏမှာ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိရှိသည်။ အုတ်ဖုတ်ခြင်း အပါအဝင် မြို့ပြရှိ စက်ရုံ၊ အလုပ်ရုံများသည်လည်း ထင်း၊ မီးသွေးလောင်စာအသုံးပြုမှု ပိုမိုများပြား လျက်ရှိရာ လောင်စာသုံးစွဲမှု အချိုးအစားကို ပြောင်းလဲနိုင်ခြင်းမရှိပါက အနာဂတ်တွင် ပတ်ဝန်း ကျင် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားလာပြီး မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ဆက်လက် ရင်ဆိုင်ကြရမည်ဖြစ်သည်။ စွမ်းအားမြှင့် မီးဖိုတစ်လုံးသုံးစွဲပါက တစ်နှစ်စာအတွက် ထင်းတစ်တန် ချွေတာနိုင်ခြင်း၊ ထင်းသုံးစွဲမှု၊ သဘာဝသစ်တောများအပေါ် မှီခိုမှုလျော့ကျလာပြီး အချိန်ကုန်၊ ငွေကုန်သက်သာစေခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို လျှော့ချစေနိုင်ခြင်း စသည့်အကျိုးကျေးဇူး များကို ရရှိနိုင်မည်ဖြစ်ရာ ကျေးလက်ဒေသနေ ပြည်သူများအနေဖြင့် စွမ်းအားမြှင့်မီးဖိုများကို ဦးစားပေး သုံးစွဲကြရန်လိုအပ်သည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းပြီးနောက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိလာခြင်း၊ လူဦးရေတိုးပွားလာသည်နှင့်အမျှ လူနေမှု အဆင့်အတန်း မြင့်မားလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာသည်။ လက်ရှိတွင် လျှပ်စစ်ကဏ္ဍအတွက် ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တို့ဖြင့် ထပ်မံတိုးချဲ့ထုတ်ယူရန် ရည်ရွယ်ချက်များရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ် နိုင်ကြောင်း ဝေဖန်မှုများရှိသဖြင့် ထိခိုက်မှုအနည်း ဆုံးဖြစ်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရရှိမှုကို စဉ်းစားလာရသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိ နေသော နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်၊ ရေစွမ်းအင်နှင့် ဘူမိစွမ်းအင်တို့ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ရှိအသုံးပြုနေသော သမားရိုးကျ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများဖြစ်သော ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များသည် နောင်တစ်ချိန်တွင် ကုန်ခန်းသွားမည်သာ ဖြစ်သည်။ သို့ရာတွင် သဘာဝအတိုင်းတည်ရှိနေသော နေ၊ ရေ၊ လေတို့၏ စွမ်းအားဖြင့် ထုတ်ယူရရှိသော စွမ်းအင်များသည် နေစကြဝဠာတည်ရှိနေသရွေ့၊ လေတိုက်ခတ်နေသရွေ့၊ ရေထုများ တည်တံ့နေသရွေ့ ကုန်ခန်းနိုင်မည်မဟုတ်သဖြင့်မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်ဖွံ့ဖြိုးမှုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များက အရေးပါသည့်အခန်းကဏ္ဍသို့ ရောက်လာသည်။

မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ရာသီမရွေး အပြည့်အဝရရှိနေသည့် နိုင်ငံတစ်ခုဖြစ်ရာ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲခြင်းက လျှပ်စစ်ဓာတ်အားမလုံလောက်မှု ပြဿနာ ကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သည် လောင်စာသုံး ဓာတ်အား ပေးစက်ရုံများကဲ့သို့ လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်းပြုပြင်မှုစရိတ်သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချပေးနိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရရှိစေနိုင်ခြင်း၊ ပတ်ဝန်း ကျင်ညစ်ညမ်းစေသော ပစ္စည်းများ၊ စွန့်ထုတ်မှု အလွန်နည်းပါးခြင်း စသည့်အားသာချက်များစွာ ရှိသည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ မူဝါဒများကို တစိုက်မတ်မတ် ဆက်လက်ကျင့်သုံးသင့်သည်။ မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များအနက် မင်းဘူးဒေသရှိ မဂ္ဂါဝပ် ၄၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မှ ထုတ်လုပ်သည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှုအချိုးကိုတိုးမြှင့်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ယူနစ်ပေါင်း များစွာထုတ်ယူသုံးစွဲနိုင်သည့် နေစွမ်းအင်နှင့် လေစွမ်းအင်တို့ကို စနစ်တကျ အစားထိုးသုံးစွဲနိုင်ရေး အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးကို အလေးထား လုပ်ဆောင်သင့်သည်။

ဆိုလာစီမံကိန်းများ တိုးတက်များပြားလာ

နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်လာမှုကြောင့် ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များက ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု သုံးဆတိုးလာရေး ရည်မှန်းချက်သည် လက်လှမ်းမီသော အနေအထားဖြစ်ကြောင်း Ember ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။ နေရောင်ခြည်စွမ်းအင် အသုံးချ ဆိုလာစီမံကိန်းများ တိုးတက်များပြားလာမှုကြောင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့လျှပ်စစ်ဓာတ်အား ၃ဝ ဒသမ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များက ဖြည့်ဆည်းပေးခဲ့သဖြင့် ၂ဝ၂၂ ခုနှစ်ကထက် ၂၉ ဒသမ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ဆိုလာ စွမ်းအင်နှင့် လေအားလျှပ်စစ်ထုတ်လုပ်မှု ထက်ဝက်ကျော်ကို တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

မျက်မှောက်ကာလသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထိုနည်းတူ ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေသော စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေများကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်း မတည်ငြိမ်မှုဒဏ်ကို ခံစားနေကြရသည်။ ယင်းအကျပ်အတည်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို အရှိန်မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့သည်။ ယမန်နှစ်က ဒူဘိုင်းတွင်ကျင်းပသည့် COP 28 ရာသီဥတုထိပ်သီး ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၀၀ ကျော်က ၂ဝ၃ဝ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးဆတိုးလာရန် ကတိပြုခဲ့ကြသည်။ မှတ်တမ်းများအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား တစ်နှစ်လျှင် ငါးရာခိုင်နှုန်း နီးပါး တိုးတက်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လေနှင့် နေရောင်ခြည်စွမ်းအင်မှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား၏ ၁ဝ ရာခိုင်နှုန်းကို ထုတ်လုပ်သုံးစွဲနိုင်ခဲ့သည်။ ၂ဝ၂၃ ခုနှစ်တွင် ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များက ထုတ်လုပ်နိုင်ခဲ့ခြင်းသည် ရေရှည်တည်တံ့သော ကမ္ဘာကြီးဖြစ်လာစေရေးအတွက် တွန်းအားဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင် ရေရှားမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ဒေသအချို့၌ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ ခြင်းသည် ကျောက်မီးသွေးထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတစ်ခု

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိနေသော ရေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တို့သည် အခမဲ့ဖြစ်သော်လည်း ကနဦးကုန်ကျစရိတ် များပြားသောလုပ်ငန်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး ရုပ်ကြွင်း လောင်စာကို အစားထိုးနိုင်သည့် ကောင်းကျိုးများကြောင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် နည်းလမ်းကောင်းတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက လက်ခံကျင့်သုံးနေကြခြင်းဖြစ်သည်။ ရုပ်ကြွင်း လောင်စာကြောင့် ဘေးဥပဒ်မျိုးစုံဖြင့် ရင်ဆိုင်နေရသော ယနေ့ကာလတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုအသုံးပြုခြင်းကသာ ချူချာနေသော ကမ္ဘာကြီး၏ ကျန်းမာရေးကို ပြန်လည်ကုစားနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိနေသော ရေစွမ်းအင်၊ နေရောင် ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် ဘူမိစွမ်းအင်တို့ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သဖြင့် မျက်မှောက်ကာလတွင် လူအများကို စိတ်ဝင်စား စေသည့် စွမ်းအင်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ရုပ်ကြွင်းလောင်စာဈေးနှုန်းများ မတည်ငြိမ်မှု၊ ဈေးနှုန်းမြင့်တက်မှုတို့သည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအသုံးပြုရန် အရှိန်မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ လုံးဆိုင်ရာ အခွင့်အလမ်းတစ်ခုဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတို့အတွက် လျှပ်စစ်ဓာတ်အားသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရင်းအမြစ်များစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသော်လည်း ယခုအထိ မဖြည့်ဆည်းနိုင်သေး။ နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် နှေးကွေးလေးလံလျက် ရှိနေပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝများတွင်လည်း ဓာတ်အားတောင်းဆိုမှု ပိုမိုမြင့်မားလာနေ သည်။ ရေအားလျှပ်စစ်စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး တည်ဆောက်ရေးကာလမှာ ရှည်ကြာသည်။ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ရုပ်ကြွင်းလောင်စာများ ကဲ့သို့ ကုန်ခန်းနိုင်ခြင်းလည်းမရှိသလို ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ စွန့်ပစ်အခိုးအငွေ့များ ထုတ်လွှတ်မှုမရှိခြင်းကြောင့် သန့်ရှင်းသော စွမ်းအင်လည်းဖြစ်သည်။ လူသားတို့အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ လူမှုစီးပွားဘဝများ၊ ထိခိုက်ဆုံးရှုံးမှုမရှိရေး ထိန်းညှိဆောင်ရွက်သွားရမည်ဖြစ်သော်လည်း တစ်ဖက်စွန်းမရောက်ရန် လိုသည်။

၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်များပြားမှုတို့ ဖြစ်ပေါ်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဆက်လက်မြင့်တက်နေမည်ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ မြန်မာနိုင်ငံနှင့်ကိုက်ညီမည့် နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက် ရှိရာတွင် ၂ဝ၃ဝ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်) နေရောင်ခြည်နှင့် လေစွမ်းအင်လျှပ်စစ် ၁၁ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၂၀ဝ၀) ထုတ်လုပ်နိုင်ရန် လျာထားအကောင်အထည်ဖော်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။           

No comments:

Post a Comment