Monday, November 4, 2024

တန်ဆောင်မုန်းလရာသီနှင့် ကထိန်ခင်းပွဲ

 


တင်ထက်ထက်ဇော်

မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လတွင် တန်ဆောင်မုန်းလသည် ရှစ်လမြောက်ဖြစ်သည်။ “တန်ဆောင်မုန်း” ဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် “တန်ဆောင်မှုန်” ဟု ရေးထိုးကြသည်။ ရွတ်ဆိုခေါ်ဝေါ်ရာ၌မူကား “တန်ဆောင်မှုန်း” ဖြစ်သည်။ ယင်းမှ တန်ဆောင်မုန်းသို့ ရွေ့လျားလာခြင်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထား သည်။ “တန်ဆောင်” မှာ “မီးတိုင်” ၊ “မှုန်း” မှာ “ပျံ့နှံ့စေခြင်း” ဟု အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခုပေါင်းလိုက်လျှင် “ဆီမီးတိုင်များ မျက်စိတစ်ဆုံး ပွားများထွန်းလင်းနေသည်”ဟု ဆိုလိုကြောင်း မှတ်သားရပါသည်။

မြန်မာတို့၏ ၁၂ လရာသီပန်းများတွင် တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ “ခဝဲပန်း” ဖြစ်သည်။ ခဝဲပန်းကို တန်ဆောင်မုန်းလ၏ နက္ခတ်ကြိုက်ပန်းအဖြစ်မှတ်ယူကာ “ခဝဲပွင့်တုန်း တန်ဆောင်မုန်း” ၊ “ခဝဲပွင့်ချိန် ခင်းကထိန်” ၊ “ခဝဲ လှိုင်လှိုင် တန်ဆောင်တိုင်” စသည်ဖြင့် မှတ်တမ်းတင်ကြသည်။ ရှေးစာဆို ကဝိအကျော်အမော်တို့က ရာသီစာသီးနှံတစ်မျိုးဖြစ်သော ခဝဲသီးပင်၏ ပန်းပွင့်ကို ၁၂ လရာသီတော်ဝင်ပန်းများစာရင်းတွင် တခမ်းတနားထည့်ထားခြင်းက စိတ်ဝင်စားစရာဖြစ်နေပါသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးဆရာကြီး မင်းသုဝဏ်က “ခဝဲပန်းကား ကဗျာဆရာတို့အဖို့ တန်ဆောင်မုန်းလ၏ ရာသီပန်းဖြစ်သည်။ တောချုံပုပ္ပေါင်း(မူရင်းသတ်ပုံ) ပိတ်ပေါင်းတို့တွင် တလွန့်လွန့်တက်နေသော ခဝဲနွယ်ပင်အဆစ်တို့မှာ ဝါးခနဲ၊ ဝင်းခနဲ၊ ထိန်ခနဲ၊ လက်ခနဲ နံနက်နေရောင်ခြည်တွင် ပွင့်လန်းနေကြသော ခဝဲပန်းတို့ကို မြန်မာကဗျာဆရာတို့ လွန်စွာသတိပြုခဲ့ကြပုံရသည်။ ခဝဲပွင့်၏ ကြူသင်းသော ရနံ့ကိုလည်း လွန်စွာအာရုံပြုကြခဲ့ပုံရသည်။ ထို့ကြောင့်လည်း ပန်းအများရှိသည့်အနက် ခဝဲပန်းကိုသာလျှင် ရွေးချယ်ကာ တန်ဆောင်မုန်းလ၏ ရာသီပန်းအဖြစ် တင်မြှောက်ခဲ့ခြင်း ဖြစ်ပေရာသည်” ဟူ၍ မှတ်တမ်းတင်ထားကြောင်း ၁၉၆၆ ခုနှစ်ထုတ် ဆရာကြီးမင်းသုဝဏ်ရေးသားသော ဖိုးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်နှင့် အခြားစာများစာအုပ်ထဲတွင် လေ့လာမှတ်သားရပါသည်။

သာမညဖလအခါနေ့

တန်ဆောင်မုန်းလပြည့်နေ့ညသည် အဇာတသတ်မင်းကို အကြောင်းပြု၍ “သာမညဖလ အခါနေ့”ဟု သုံးနှုန်းကြသည်။ ဖခင်သတ်ပြီးမှ ဘုရင်ဖြစ်လာသော အဇာတသတ်မင်းသည် အမှားကြီးကြောင့် နောင်တပူပန်ဖြစ်နေရသည်။ ဆေးဆရာကြီး ဇီဝက၏လမ်းညွှန်မှုဖြင့် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓဘုရားရှင်ထံသို့ ရောက်လာခဲ့သည်။ တည်နေရာမှာ မာဂဓတိုင်း ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်တောဥယျာဉ်(အမ္ဗဝန)ရှိ ကျောင်းတော်၌ဖြစ်သည်။ အလွန်တိတ်ဆိတ်ငြိမ်သက်နေကြသော သံဃာထုကို အဖန်ဖန်ကြည့်၍ မင်းကြီးသည်ဗုဒ္ဓထံသို့ “ရဟန်းပြုရခြင်း၏အကျိုး” ကို မေးလေသည်။

ဘုရားရှင်၏အဖြေကို အချုပ်တင်ပြရလျှင် ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားများမှာ-

မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်း၊

အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်း၊

ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း၊

ဒုစရိုက်တရားတို့ကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း၊

ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသောစကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္စျိမသီလနှင့် ပြည့်စုံရခြင်း၊

နက္ခတ်ဗေဒင်ယတြာ ဆေးကုပေးခြင်းစသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်း၊

ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း၊

သတိနှင့် ပြည့်စုံခြင်း၊

သမ္ဗဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်း၊

သန္တောသခေါ် စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်း၊

နီဝရငါးပါးမှ ကင်းလွတ်ရခြင်း၊

စျာန်တရားများ ရနိုင်ခြင်း၊

ဝိဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်း၊

အိမ်ရာထူထောင်ခြင်းမပြုသော သူတော်ရဟန်းဘဝ၏ အကျိုးတရားကို ဟောတော်မူသောကြောင့် အဇာတသတ်မင်းသရဏဂုံတည်သည်။

အမျိုးသားအောင်ပွဲနေ့

တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံးအတွက် ထူးခြားမွန်မြတ်သော ရက်တစ်ရက်ရှိနေပါသေးသည်။ ၎င်းမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် “အမျိုးသားနေ့” ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်တွင် ကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သပိတ်မှောက်ခဲ့သည့်နေ့ဖြစ်သည်။ တစ်နည်းဆိုသော် ကျွန်ပညာရေးကို ဆန့်ကျင်သည့်နေ့ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်တွင် သပိတ်မှောက်ခဲ့သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသောနေ့ဖြစ်သဖြင့် မြန်မာပြည်အတွက် မမေ့သင့်မမေ့ထိုက်သော သမိုင်းဝင်နေ့ ဖြစ်သည်။

တန်ဆောင်မုန်းလနှင့် ပွဲတော်များ

တန်ဆောင်မုန်းလသည် မြန်မာတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ ရိုးရာအစဉ်အလာ ယုံကြည်သက်ဝင်မှုများဖြင့် ပြည့်နှက်နေသည်။ ဘာသာရေးဆိုင်ရာပွဲတော်နှင့် အခမ်းအနားများမှာ မီးထွန်းပွဲ၊ ကထိန်ပွဲ၊ ကျီးမနိုးပွဲ၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ရှင်မာလဲပွဲနှင့် ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စသည်တို့ဖြစ်သည်။ အဆိုပါပွဲတော်များအနက် အထင်ရှားဆုံးမှာ ကထိန်ပွဲဖြစ်သည်။

တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည်

ကထိန်” သည် “ကထိန” ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှအရာအားလုံးကိုခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်ဖြစ်သည်။ ထို့ကြောင့် ကထိန်အာနိသင်ငါးပါးကို ကျောင်းတိုက်အပြင် ထွက်မသွားဘဲ ကျောင်းတိုက်အတွင်းမှာသာ မြဲမြံခိုင်ခံ့နေအောင် ပြုလုပ်နိုင်စွမ်းရှိခြင်းဟု ဆိုလိုကြောင်း လေ့လာသိရှိရသည်။ ဒကာ၊ ဒကာမများက ကထိန်ခင်းရန်သင်္ကန်းကို လှူဒါန်းရုံသာ လှူဒါန်းနိုင်ပြီး သံဃာများကိုယ်တိုင်သာ ကထိန်ခင်းရသည်။ ကထိန်သင်္ကန်းကပ်လှူပွဲသည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ၂၉ ရက်တိုင်တိုင်ကာလဖြစ်သည်။

ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံ

ကထိန်ဖြစ်ပေါ်လာပုံမှာ ဘဒ္ဒဝဂ္ဂီရဟန်းတော်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က ခွင့်တော်ပြုပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းကာလတစ်ခု၌ ဘဒ္ဒဝဂ္ဂီနှင့် ရဟန်းတော်အပါး သုံးကျိပ်တို့သည် ခြောက်ယူဇနာ ၄၈ မိုင်ခန့် ခရီးရှည်ကို ဖြတ်သန်း၍ ဘုရားရှင်အား ဖူးမြော်ရန်လာကြသည်။ လေထဲမိုးထဲ ရွှံ့နွံထဲဖြတ်သန်းလာကြရသဖြင့် သင်္ကန်းများ ရွှဲရွှဲစိုလေးလံလာကြပြီး လွန်စွာပင်ပန်းကြလေသည်။ ထိုခေတ်ထိုကာလတွင် အသစ်လဲလှယ်စရာ သင်္ကန်းအပိုဆောင်ရန် ခွင့်မပြုထားသေးပေ။ ထို့ကြောင့် ဘုရားရှင်က သံဃာတော်များ သင်္ကန်းကြောင့် ဝန်မလေးကြစေရန်နှင့် အလှူရှင်များလည်း စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းနိုင်ကြစေရန် အလို့ငှာထိုအချိန်မှစ၍ ကထိန်ခင်းခွင့်ပြုတော်မူခဲ့သဖြင့် “ကထိန်သင်္ကန်း” ဝတ်ရုံတော်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပညတ်ချက်များ

ကထိန်ခင်းရာတွင် ပညတ်များစွာရှိသည်။ ကျောင်းရှိသံဃာများက ဒကာ၊ ဒကာမတို့အား ကထိန်ခင်းပေးရန် ရေလာမြောင်းပေး၊ အရိပ်အမြွက်စကားတစ်လုံးတစ်ပါဒမျှ စတင်ပြောဆိုခွင့်မပြုပါ။ မိုးပေါ်ကရေစက်များ သူ့အလိုလိုကျလာသကဲ့သို့ ဒကာ၊ ဒကာမများ၏ သဒ္ဓါတရားအလျောက်သာ ဖြစ်ပေါ်လာသည့် အလှူသင်္ကန်းဖြစ်ရပါမည်။ ထိုကထိန်သင်္ကန်းကို တစ်ဦးတစ်ယောက်တည်းက လှူဒါန်းနိုင်သလို အများစုပေါင်း “ဘုံကထိန်” အဖြစ်လည်း လှူဒါန်းနိုင်သည်။ သံဃာတော်များ ဆင်မြန်းသည့် သင်္ကန်းသည် အမျိုးအစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ “ဒုကုဋ်သင်္ကန်း” ခေါ် နှစ်ထပ်သင်္ကန်း၊ “ဧကသီ” ခေါ် အပေါ်ရုံသင်္ကန်း၊ “သင်းပိုင်” ခေါ် ခါးဝတ်သင်္ကန်းတို့ဖြစ်သည်။ ၎င်းသုံးထည်ကို စုစည်း၍ သင်္ကန်းတစ်စုံဟု သတ်မှတ်သည်။ ၎င်းသင်္ကန်းကို သိမ်ထဲမှာသာကပ်ရသည်။ ကထိန်ခင်းထိုက်သည့် ရဟန်းကို သင်္ကန်းကပ်သည့်အခါ “ဥတ္တိဒုတိယ ကမ္မဝါစာ” ဆိုရသဖြင့် ကထိန်သင်္ကန်းကို “ဉတ်သင်္ကန်း” ဟု ခေါ်ကြခြင်းဖြစ်သည်။

ယနေ့ကာလ ဉတ်သင်္ကန်းကို ဟထိုးအသံနှင့် ညှပ်သင်္ကန်းဟု မှားယွင်းစွာခေါ်ဆိုနေကြသည်။ အသံထွက်အမှန်က             “ညတ်” သင်္ကန်း ဖြစ်သည်။

ကထိန်ခင်းထိုက်သောရဟန်း

ကထိန်ခင်းထိုက်သောရဟန်းဆိုသည်မှာ ပုရိမဝါကျွတ်ပြီး ပထမပဝါရဏာနေ့မှာ ပဝါရနာပြုထားသော ရဟန်း၊ ပုရိမဝါ မကျိုးမပျက်သောရဟန်း၊ ရှေးဦးပြုဖွယ် ပုဗ္ဗကရဏတို့ကိုသိခြင်း စသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့်ရဟန်း၊ သံဃာကဝိနည်းကံနှင့်အညီ ဉတ်ကမ္မဝါဖတ်ပေးမည့် ကထိန်ခင်းရန်သင်္ကန်းကို အလှူခံရရှိသည့်ရဟန်း စသည့် ကထိန်ခင်းရန်စွမ်းဆောင်နိုင်သော ရဟန်းတို့ကို ဆိုလိုသည်။

ကထိန်သင်္ကန်းအကြောင်း သိမှတ်ဖွယ်

အဓိက ဉတ်သင်္ကန်းနှင့်အတူ ပဒေသာပင်တွင် ချိတ်ဆွဲထားသော သင်္ကန်းများကို “ဉတ်ရန်သင်္ကန်း” သို့မဟုတ် ကထိန်အရန်သင်္ကန်းဟု ခေါ်သည်။ ကထိန်အာနိသင်ရသွားမည့် သင်္ကန်းများဖြစ်သဖြင့်လည်း “ကထိန်အာနိသင်သင်္ကန်း” ဟု ခေါ်နိုင်သည်။ ကထိန်ခင်းကြသည်ဆိုရာဝယ် ကထိန်သင်္ကန်း များစွာလှူခြင်း၊ ဝတ္ထုငွေ များစွာလှူခြင်းနှင့် ပဒေသာပင်များစွာပြုလုပ်ခြင်းတို့ကို မဆိုလိုပါ။ ကထိန်ခင်းသည့်အခါ ဉတ်သင်္ကန်းလှူခြင်းကိုသာ ဆိုလိုပြီး၊ ဉတ်သင်္ကန်းလှူသူကသာ ကထိန်အလှူရှင် ဖြစ်သည်။ ကထိန်ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို ကိုယ်တိုင်လှူဒါန်းခွင့် မရသေးသရွေ့ဘယ်သောအခါမျှ ကထိန်အလှူရှင်မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန် ခင်းကြသည့်အခါ ဉတ်သင်္ကန်းကို အများထည့်ဝင်လှူဒါန်းသည့် အလှူငွေဖြင့် ဝယ်ကြရပါမည်။ တစ်ဦးတစ်ယောက်တည်းက တာဝန်ယူပါရစေဟူ၍ လှူလို့မရ၊ လက်မခံရပါ။ ထို့ပြင် တစ်နှစ်လျှင် ကျောင်းတိုက်တစ်တိုက်၌ တစ်ကြိမ်သာ ကထိန်ခင်းခွင့်ရှိသည်။

ကထိန်သင်္ကန်းအလှူရှင်များ သိမှတ်ဖွယ်

အထက်တွင်ဖော်ပြထားသကဲ့သို့ ကထိန်ခင်းမည့်ကျောင်းကို သွားရောက်လှူဒါန်းခြင်းအပြင် မိမိအိမ်မှာပင့်လှူ၍လည်းရပါသည်။ ကျောင်းသို့ သွားရောက်လှူဒါန်းသည့်အခါ သို့မဟုတ် ဆရာတော်၊ သံဃာတော်ကို သင်္ကန်းကပ်သည့်အခါ “ဤသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏” ဟု နှုတ်ကရွတ်ဆို၍ လှူဒါန်းရပါမည်။ ထိုသင်္ကန်းသည် လတ်တလော ကပ်လှူလက်ခံသည့် ဆရာတော်၊ သံဃာတော်က မပိုင်ဆိုင်သေးပေ။ ကျောင်းတိုက်ရှိ သံဃာအများနှင့်သာ သက်ဆိုင်သည်။

မိမိတို့နေအိမ်တွင် ပင့်ဖိတ်လှူသည့်အခါမှာလည်း သံဃာတော်ကို သင်္ကန်းကပ်လှူသည့်အချိန်၌ ကထိန်ခင်းမည့်             ကျောင်းတိုက်၏ ကျောင်းအမည်ကိုတပ်ပြီး လှူဒါန်းရပါမည်။ သို့မှသာ မိမိရည်စူးသည့် သံဃာက ယင်းကျောင်းတိုက်တွင် ကထိန်ခင်းခွင့်ရမည်ဖြစ်သည်။

ကထိန်သင်္ကန်းအလှူရှင်တွင်ရရှိမည့် ကုသိုလ်တရားငါးပါး

ကထိန်သင်္ကန်း ကပ်လှူခြင်းကြောင့် အလှူရှင်များအနေဖြင့် သွားလေရာအရပ်ရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာသွားလာရခြင်း၊ မိမိပိုင်စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ်အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း၊ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း၊ ပစ္စည်းများ ရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက်အပုံလိုက်ရခြင်း၊ ရုပ်ရည်အဆင်းချောမောလှပခြင်းဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ကျမ်းဂန်များက ဆိုထားသည်။

မသိုးသင်္ကန်း

မသိုးသင်္ကန်း” ရက်လှူပူဇော်ပွဲမှာလည်း ထင်ရှားသည့်အလှူဒါနတစ်ခု ဖြစ်ပါသည်။ မသိုးသင်္ကန်းဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ မသိုးသင်္ကန်းကို ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ လဆန်း ၁၄ ရက် ညနေပိုင်းတွင် စတင်ရက်လုပ်ကြပြီး လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ရှင့်။ တစ်နှစ်လျှင်တစ်ကြိမ်၊ ထိုတစ်ကြိမ်တွင်လည်း တန်ဆောင်မုန်းလရာသီ ကထိန်ခင်းကြသည့်အခါ အလှူဒါနမြောက်စေရန်အတွက် ဝိနည်းတော်နှင့်အညီ လှူဒါန်းနိုင်ကြပါစေကြောင်း စာရေးသူမှ ဤဆောင်းပါးဖြင့် ဓမ္မကုသိုလ်ပြုလိုက်ရပါသည်။ ။

No comments:

Post a Comment