Friday, November 29, 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အတွင်းရှိ ပြိုင်ပွဲများကျင်းပမည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၂၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အတွင်းရှိ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပမည့် အားကစားကွင်း/ အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပမည့် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်း/ ရွှေကြာပင်အားကစားရုံ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်း၊ ဘောဂဝတီအားကစားကွင်းများအတွင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုင်ပွဲကွင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကွင်းအဝင်လမ်းနှင့် နောက်ခံဆိုင်းဘုတ်ဗီနိုင်းများ အချိန်မီတပ်ဆင် ပြီးစီးနိုင်ရေး၊ ဘောလုံးကွင်းအတွင်း သန့်ရှင်းသပ်ရပ် မှုရှိစေရေးနှင့် စိမ်းလန်းစိုပြည်မှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ သန့်ရှင်းရေးဆောင်ရွက်သွားရန်၊ ပြိုင်ပွဲကွင်းပတ်လည်တွင် အလံတိုင်များတပ်ဆင်နိုင်ရေးနှင့် မိုဘိုင်းသန့်စင်ခန်းများ ထားရှိနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၂) တွင် အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်းများမှ ကျောင်းသားကျောင်းသူ ၂၆၀ တို့၏ Fitness Dance လေ့ကျင့်နေမှုနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တွင် အင်အား ၆၅ ဦးဖြင့် လေ့ကျင့်နေသည့် အလံတော် သယ်ယူရေးအဖွဲ့၏ အဖွဲ့လိုက်လေ့ကျင့်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပမည့် အားကစားပွဲတော်ကြီးတွင် ပါဝင်ခွင့်ရရှိခြင်းသည် အားကစားနှင့်ကာယပညာ (သိပ္ပံ) ကျောင်းအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း​၊ တာဝန်ခံများကလည်း မိမိတို့ကလေးများ၏ ကျန်းမာရေးကို အထူးအလေးထားဂရုစိုက်ကြရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြ ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment