Sunday, November 24, 2024

မသန်စွမ်းသူများအတွက် အခွင့်အလမ်းများဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းကူညီပေး

 


မျိုးမင်းအောင်(IPRD)

မသန်စွမ်းသူဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ ထိရောက်စွာ ပါ၀င်ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူများကို ဆိုလိုသည်ဟု သိရှိရပါသည်။

 


မသန်စွမ်းမှုများကို လေ့လာကြည့်ပါက မွေးရာပါချို့ယွင်းအားနည်းသူများရှိသကဲ့သို့ ဘဝခရီးတစ်လျှောက် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါထိခိုက်ပျက်စီးဆုံးရှုံးကြသူများလည်း ရှိပါသည်။ မသန်စွမ်းသူများ၏ ဘဝကရုပ်နှင့်စိတ် တစ်ထပ်တည်းမကျနိုင်သော ဘဝမျိုးဖြစ်၍ မိသားစုနှင့် ပတ်၀န်းကျင်အသိုက်အဝန်း၏ ဖေးမကူညီမှုသည် အရေးကြီးပါသည်။ ထို့ကြောင့် မသန်စွမ်းသူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကောင်းမွန်ရေး၊ နေ့စဉ်ဘဝလိုအပ်ချက်များကို တတ်စွမ်းသမျှကူညီဖြည့်ဆည်းပေးရပါမည်။ ထိုသို့ နားလည်စာနာမှုနှင့် ကူညီစောင့်ရှောက်မှုကောင်းများရှိပါက မသန်စွမ်းသူများအနေဖြင့် စိတ်ဓာတ်ခွန်အားများ မြင့်တက်ကာ မသန်သော်လည်း စွမ်းသူများအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ယနေ့ကမ္ဘာတွင် မသန်စွမ်းသူများ တစ်စတစ်စ များပြားလာ

ယနေ့ကမ္ဘာတွင် မသန်စွမ်းသူများ တစ်စတစ်စများပြားလာသည်ကို မြင်တွေ့ကြရပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ ပူးပေါင်းထုတ်ပြန်ချက် အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ တစ်ဘီလီယံကျော် (၁၅ ရာခိုင်နှုန်း)သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေကြရသူများဖြစ်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ ၅၉ သိန်းကျော် (၁၂ ဒသမ ၈ ရာခိုင်နှုန်း)သည် မသန်စွမ်းသူများဖြစ်နေသည်ကို လေ့လာသိရှိရသည်။ ဤမျှများပြားတိုးပွားလာသော မသန်စွမ်းသူဦးရေကို အချိန်မီဖေးမကယ်ဆယ်နိုင်ရန်အတွက် မသန်စွမ်းသူများ၏ စိတ်ဓာတ်မြှင့်တင်ရေး၊ လူမှုပတ်ဝန်းကျင်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များတွင် တစ်တပ်တစ်အားပါဝင်နိုင်ရေးကို တတ်အားသမျှ လုပ်ဆောင်ပေးကြရပါမည်။ 

မသန်စွမ်းသူများကို စွမ်းသန်လာအောင် ကူညီစောင့်ရှောက်ရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)သည် အဓိကကျသော အခန်းကဏ္ဍကပါဝင်နေပါသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)သည် မသန်စွမ်းသူတို့ဘဝမြင့်မားရေးနှင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှ ခံစားခွင့်ရရှိရေးအတွက် နည်းလမ်းများ ရှာကြံလုပ်ဆောင်ပေးလျက်ရှိပါသည်။

ကုလသမဂ္ဂ၏ မူဝါဒလမ်းစဉ်အောက်တွင် မသန်စွမ်းသူများအရေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာစေရန်နှင့် ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက် ၁၉၈၁ ခုနှစ်ကို မသန်စွမ်းသူများနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက ကုလသမဂ္ဂမသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူများအား ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့်တို့ကို တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ပထမဆုံး မသန်စွမ်းရပိုင်ခွင့်ကို အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာကို ချမှတ်ခဲ့ပါသည်။

ထိုနေ့ကို အထူးပြုပြီး ၁၉၉၂ ခုနှစ်တွင် ကျင်းပသော (၄၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အရ နှစ်စဉ်ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ အပြည့်အ၀ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းတူညီမျှရရှိရေးတို့ကို မြှင့်တင်ပေးရန်ဟူသော ဦးတည်ချက်များဖြင့် ၁၉၈၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ ဆယ်စုနှစ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံက မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန် ဟူသောရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်းသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အတည်ပြုဝင်ရောက်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂(ခ)အရ နိုင်ငံတော်သည် မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ထိရောက်စွာ ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာမည်

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နိုင်ငံတော်အဆင့်အမျိုးသားကော်မတီကို ဖွဲ့စည်းပြီး ရည်ရွယ်ချက် (၅)ရပ်၊ လုပ်ငန်းတာဝန် (၂၅) ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာငါးနှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ တွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု စသည့် ကဏ္ဍမျိုးစုံပါဝင်သဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာမည်ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုတွင် အားနည်းသူကို ဖေးကူတတ်သော အလေ့အထမှာ ရှေးယခင်ကပင်ရှိခဲ့သည့် မြတ်နိုးဖွယ်ရာ အစဉ်အလာတစ်ခုပင်ဖြစ်ပါသည်။ မိသားစုတွင် မသန်စွမ်းသူရှိနေပါက မိဘဆွေမျိုးများက ဝိုင်းဝန်းစောင့်ရှောက်လေ့ရှိပါသည်။ မိဘဆွေမျိုးမရှိပါက ဘုန်းတော်ကြီး ကျောင်း၊ သီလရှင်ကျောင်း၊ ခိုကိုးရာရိပ်သာစခန်းများက ကရုဏာထား ဖေးမကူညီစောင့်ရှောက်ကြသည်ကို တွေ့မြင်နိုင်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေများရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် စေတနာရှင်အဖွဲ့အစည်းများပူးပေါင်း၍ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။

မသန်စွမ်းသူများအား ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိ

မသန်စွမ်းသူတို့ဘဝ မြင့်မားတိုးတက်ရန် လူမှုဝန်ထမ်းကဲ့သို့ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်းကာ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်ရပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုရေးအဖွဲ့အစည်းများနှင့်လက်တွဲ၍ သက်ကြီးမသန်စွမ်းသူများအား အဆင့်မြင့်စက်ချုပ်၊ ဆံသ၊ အလှပြင် စသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေး၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသူများအတွက် ကွန်ပျူတာ၊ စက်ချုပ်အတတ်ပညာ၊ ကြိမ်ထိုး၊ ပန်းထိုး၊ အနင်းအနှိပ်အတတ်ပညာများကို သင်ကြားပေးလျက်ရှိရာ မသန်စွမ်းသူများအတွက် နေ့စဉ်ဘဝ မိသားစုဝင်ငွေ အထောက်အပံ့ကောင်းသဖွယ် ရရှိလာစေပါသည်။

ထို့ပြင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ(ရန်ကုန်)၊ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း(ရန်ကုန်)၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)၊ (မန္တလေး)၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်)၊ (မန္တလေး)၊ မျက်မမြင်ကျောင်း(ရန်ကုန်)၊ (စစ်ကိုင်း)ဟူ၍ သင်တန်းကျောင်းရှစ်ကျောင်းကို ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် မသန်စွမ်းသူများအတွက် မည်သို့ပင်အခွင့်အရေးများ ဖန်တီးပေးနေစေကာမူ မသန်စွမ်းသူများမှာ လူမှုဝန်းကျင်တွင်အခြားသူများနှင့် တန်းတူအခွင့်အရေးရရှိရန် အခြေအနေနည်းပါးနေဆဲဖြစ်ပါသည်။ ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၁၇) ရပ်အနက် ရည်မှန်းချက်ပန်းတိုင်(၈)တွင် မသန်စွမ်းသူများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် လုပ်ခလစာတန်းတူရရှိမည့် အခွင့်အလမ်းများဖန်တီးခြင်းနှင့် လူငယ်များအလုပ်လက်မဲ့ဖြစ်မှုလျှော့ချရေး၊ အလုပ်သမားဈေးကွက်တွင် ဝင်ဆံ့နိုင်ရေးတို့ပါဝင်ပြီး ရည်မှန်းချက်ပန်းတိုင် (၁၀)တွင် မသန်စွမ်းသူများကို လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် ပါဝင်လုပ်ဆောင်နိုင်စေရန် ဖော်ပြထားပါသည်။

ထို့ကြောင့် မသန်စွမ်းသူများအား လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝပါဝင်လာနိုင်ပြီး တူညီသောအခွင့်အရေးများ ရရှိလာစေရန်အတွက် လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းပံ့ပိုးကူညီကြရမည်ဖြစ်ပါသည်။ မသန်စွမ်းသူများအတွက် အလုပ်ခွင်၊ ကျောင်း သို့မဟုတ် အခြားပတ်ဝန်းကျင်များတွင် ကျိုးကြောင်းဆီလျော်သော နေရာထိုင်ခင်းများ၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အဆောက်အအုံများ ဆောက်လုပ်ရာတွင် မသန်စွမ်းသူများ ဝင်ရောက်အသုံးပြုနိုင်သည့် လှေကားများ၊ လျှောက်လမ်းများ ဆောက်လုပ်ပေးခြင်း၊ မသန်စွမ်းမှု အမျိုးမျိုးအတွက် အများပြည်သူသွားလာလှုပ်ရှားရာနေရာများတွင် ဘီးတပ်ကုလားထိုင်များ လွယ်ကူအဆင်ပြေစွာ သွားလာနိုင်သည့် ချဉ်းကပ်လမ်းများနှင့် လုံခြုံသော နေရာထိုင်ခင်းများပါရှိအောင် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ပေးခြင်းဖြင့် သန်စွမ်းသူများနည်းတူ တန်းတူအခွင့်အရေးများ ရရှိလာစေမည် ဖြစ်ပါသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများတွင် အားလုံးပါဝင်နိုင်သော ပညာသင်ကြားခွင့်ရရှိရေးသည်လည်း အထူးလိုအပ်ပါသည်။ လေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးသူငယ် နှစ်သိန်းသုံးသောင်းခန့်ရှိပြီး ကလေးသုံးဦးတွင် နှစ်ဦးမှာ ကျောင်းမတက်နိုင်ဘဲ ၃၆ ရာခိုင်နှုန်းခန့်သာ စာရေး၊ စာဖတ်နိုင်ကြောင်း သိရပါသည်။ ထို့ကြောင့် နိုင်ငံ့အနာဂတ်အတွက် မသန်စွမ်းကလေးများ ပုံမှန်ကျောင်းတက်ခွင့်ရရန်အတွက် လိုအပ်သော ကူညီပံ့ပိုးမှုများရရှိရန်လိုအပ်ပါသည်။ အားလုံးပါဝင်နိုင်သော ပညာရေးသည် မသန်စွမ်းကျောင်းသားများအတွက် ပညာရေးဆိုင်ရာရလဒ်များ တိုးတက်လာစေရန်နှင့် လူမှုရေးဆိုင်ရာ ပါဝင်လက်ခံနိုင်မှုကို မြှင့်တင်စေနိုင်ပါသည်။

ထို့ပြင် လူမှုရေးကိစ္စများ၊ အပန်းဖြေမှုကိစ္စများတွင် မသန်စွမ်းသူများပါဝင်နိုင်ရေးအတွက် ကြုံတွေ့နိုင်သည့် အခက်အခဲအတားအဆီးများကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖယ်ရှားပေးရပါမည်။ ထိုသို့လုပ်ဆောင်ပေးရုံမျှမက အခြားတစ်ဖက်တွင်လည်း မသန်စွမ်းသူများ လျော့နည်းပပျောက်အောင် စီမံလုပ်ဆောင်ပေးရပါမည်။ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအသိရှိလာစေရန် ဆောင်ရွက်ပေးခြင်း၊ လူတစ်ဦးအတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်များကို သင့်တင့်မျှတအောင် စားသောက်တတ်စေရန် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းမှုပြဿနာများ လျော့နည်းကင်းဝေးစေမည်ဖြစ်ပါသည်။ မတော်တဆထိခိုက်မှု၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့မှုကြောင့် မသန်စွမ်းဖြစ်ခြင်းမှ ကင်းဝေးစေရန် ပြည်သူအားလုံး၏ အသိတရားနှင့် သတိထားကာကွယ်ကြရမည်ဖြစ်ပါသည်။ စစ်မက်ဖြစ်ပွားခြင်းကြောင့် မသန်စွမ်းအဖြစ်သို့ ရောက်ရှိခြင်းမှ လျော့နည်းပပျောက်စေရန်အတွက်မူ နိုင်ငံအတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှသာ ရရှိနိုင်ပါမည်။

ဤကမ္ဘာမြေတွင် မသန်စွမ်းသူများ လုံးဝပပျောက်မသွားသည့်တိုင်အောင်ရှိနေသည့် မသန်သူများကို စွမ်းလာအောင် ဖေးမကူညီအားပေးရပါမည်။ မသန်စွမ်းသူတို့၏ နေ့စဉ်ဘဝရှင်သန်မှု ဖြစ်စဉ်တိုင်းတွင် သွားရေးလာရေးအဆင်ပြေစေမည့်နည်းလမ်းများ၊ အရေးပေါ်ကြုံတွေ့နိုင်သည့် ကျန်းမာရေးပြဿနာများကို နည်းလမ်းများကြံဆ ရှာဖွေလုပ်ဆောင်ပေးရပါမည်။ မသန်စွမ်းသူများကို သန်စွမ်းသူများနည်းတူ တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်းဖြင့် နောင်လာမည့်အနာဂတ်တွင် မသန်စွမ်းသူတို့၏ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်လာကာမသန်သော်လည်း စွမ်းသည့်စွမ်းဆောင်ရှင်များအဖြစ် နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးထမ်းဆောင်လာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ကိုးကား

နေ့စဉ်ထုတ်သတင်းစာများ

No comments:

Post a Comment