စန်းနီလာဝင်း
၁၈၈၄ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရက “ရန်ကုန်အစိုးရအထက်တန်းကျောင်း”ကို “ရန်ကုန်ကောလိပ်”အဖြစ် အမည်ပြောင်းလဲပြီး ကောလိပ်ကျောင်းအုပ်ကြီးအဖြစ် မစ္စတာဂျေအိပ်ချ်ဂေးလ်ဘတ် (Mr. J.H Gilbert) ကို စတင်ခန့်အပ်ခဲ့သည်။ ရန်ကုန်ကောလိပ်တွင် ဥပစာတန်း(ဝိဇ္ဇာ)အထိ သင်ကြားပေးခဲ့ပြီး စာမေးပွဲများကို “ကာလကတ္တားတက္ကသိုလ်”က တာဝန်ယူဦးဆောင်စစ်ဆေးခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် “ရန်ကုန်ကောလိပ်”ကို “ရန်ကုန်အစိုးရကောလိပ်”(Yangoon Government College)ဟု အမည်ပြောင်းလဲခဲ့သည်။
၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြုအဖွဲ့မှ “ဒေါက်တာဂျပ်ဆင်” (Dr. Judson)က ရန်ကုန်အစိုးရကောလိပ်နှင့် အလားတူ “ဂျပ်ဆင်ကောလိပ်”(Judson College) ကို ဖွင့်လှစ်ခွင့်ရရှိခဲ့သည်
၁၈၉၂ ခုနှစ်ကတည်းက ရန်ကုန်ကောလိပ်ကို “ကာလကတ္တားတက္ကသိုလ်”၏ လက်အောက်ခံအဖြစ်မထားရှိဘဲ သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ကြသည်။
၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာပြည်အုပ်ချုပ်ရေး ဥပဒေပြုကောင်စီက ရန်ကုန်တက္ကသိုလ်အဆင့်တိုးမြှင့်ပေးရန် သဘောတူခဲ့သည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုစဉ်က မြန်မာပြည်ဒုတိယဘုရင်ခံ “ဆာရီဂျင်နယ်ကရက်ဒေါက်” (Sir Regiona Craddock)က ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အတည်ပြုခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ပထမဦးဆုံး “အဓိပတိ”ဖြစ်လာခဲ့သည်။ ထိုအခါ “ရန်ကုန်ကောလိပ်”နှင့် “ဂျပ်ဆင်ကောလိပ်”တို့ကိုပူးပေါင်းလိုက်ပြီး “ရန်ကုန်တက္ကသိုလ်” (Rangoon University) ဟု စတင်ခေါ်တွင်ခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၆၉၂ ဦး၊ ဂျပ်ဆင်ကောလိပ်ခေါ် ယုဒသန်ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၁၃၇ ဦးရှိခဲ့ရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၂၉ ဦး ရှိခဲ့သည်။
ရန်ကုန်တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့သော်လည်း တက္ကသိုလ်ဥပဒေတွင် အဆင့်မြင့်ပညာရေးကို တစ်ဖက်သတ် ဖိနှိပ်ကန့်သတ်ချုပ်ချယ်ခဲ့သည်။ ထိုအခြေအနေနှင့်စပ်လျဉ်း၍ ကိုလိုနီခေတ်ရန်ကုန်တက္ကသိုလ်၌ သုတေသနအသင်းဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ “ဂျေအက်စ်ဗာနီဗယ်လ်” (J.S Furnivall) က သူကိုယ်တိုင်သုတေသနပြု ရေးသားပြုစုထုတ်ဝေခဲ့သော “ကိုလိုနီဝါဒနှင့်လက်တွေ့ကျင့်သုံးမှု” စာအုပ်တွင် ဤသို့ဖော်ပြခဲ့သည်ကို လေ့လာတွေ့ရှိရသည် -
“ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင် အမျိုးသားရေးစနစ်ကို ကျင့်သုံးရာ၌ စာရေးစာချီ၊ ရှေ့နေရှေ့ရပ်များဖြစ်ရန်ကိုသာရည်ရွယ်၍ အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ သဘာဝသိပ္ပံပညာရှင်များ၊ စီးပွားရေးပညာရှင်များ ဖြစ်မြောက်လာအောင် ရည်ရွယ်ချက် အလျှင်းမရှိခဲ့ပါ”ဟု လေ့လာသုံးသပ်တင်ပြခဲ့သည်ကို တွေ့ရှိရသည်။
တက္ကသိုလ်ပညာသင်ကြားရေးနှင့်အုပ်ချုပ်ရေးကို အင်္ဂလိပ်အာဏာပိုင် နိုင်ငံကြီးများ ကိုင်တွယ်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားလိုလျှင် ကျောင်းအိပ်ကျောင်းစားနေမှသာ ပညာသင်ကြားခွင့်ရှိသည်ဟူသော အချက်အပါအဝင် မလိုအပ်သည့် ကန့်သတ်ချက်များကို ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက လက်မခံလိုကြပေ။ ရန်ကုန်တက္ကသိုလ်ဥပဒေသည် ကြေးရတတ်သားသမီးများကိုသာ အကျိုးပြုပြီး တိုင်းရင်းသားပြည်သူများ၏ သားသမီးများကို အဆင့်မြင့်ပညာရပ်များ သင်ကြားခွင့်ကန့်သတ်ထားခြင်း၊ တက္ကသိုလ်အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းများမှာလည်း ကျောင်းသား ကျောင်းသူများအပေါ် ချုပ်ချယ်ဖိနှိပ်လွန်းရာကျရောက်နေခြင်း၊ ဘွဲ့ရပညာတတ်ဦးရေအများအပြား၊ အသက်မွေးဝမ်းကျောင်းပညာရပ် တတ်မြောက်သူများ ပေါ်ထွက်လာခြင်းမရှိအောင်ချုပ်ကိုင်ထားခြင်း၊ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အတွက်သာ ဦးစားပေးသင်ကြားခြင်းတို့ကြောင့် တက္ကသိုလ် ကျောင်းသားမျိုးချစ်ခေါင်းဆောင်များ၊ အမျိုးသားခေါင်းဆောင်များက ရန်ကုန် တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း လုံးဝမလိုက်လျောခဲ့ပေ။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)တွင် ၂၆ ဦး ဦးဆောင်ပါဝင် ဖွဲ့စည်းထားသော ရန်ကုန်တက္ကသိုလ် သပိတ်ကော်မတီက ဦးဆောင်၍ အမျိုးသားပညာရေးလှုပ်ရှားမှု သပိတ်တိုက်ပွဲဖြင့် နယ်ချဲ့ဆန့်ကျင်ရေးကို စတင်ဆင်နွှဲခဲ့ရာ ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ် (ယုဒသန်ကောလိပ်) မှ ကျောင်းသား ကျောင်းသူ ၅၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်နှင့် ဗဟန်းမြို့နယ်ရှိ ရွှေကျင်ကျောင်းတိုက်ဇရပ်များ၌ သပိတ်စခန်းများထားရှိကာ ထိုမှတစ်ဆင့် ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အနှံ့အထက်တန်းကျောင်းများသို့ပါ ကျောင်းသားသပိတ်များ ပျံ့နှံ့သွားခဲ့သည်။
ထိုစဉ်က အင်္ဂလိပ်လူမျိုးနှင့် အင်္ဂလန်ပါလီမန်အမတ်ဖြစ်လျက်နှင့် အင်္ဂလိပ်နယ်ချဲ့အစိုးရက မြန်မာပြည်၌ ကျင့်သုံးခဲ့သော ကျွန်ပညာရေးစနစ်နှင့်စပ်လျဉ်း၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော်ရှိ သပိတ်စခန်းမှ တက္ကသိုလ်သပိတ်မှောက် ကျောင်းသားများအား လာရောက်တွေ့ဆုံကာ အင်္ဂလိပ်လေဘာတီပါတီမှ ပါလီမန်အမတ် “မစ္စတာဝက်ဝုဒ်” (Mr. Wedgwood) က “ဗြိတိသျှအစိုးရဟာ မြန်မာပြည်မှာ တက္ကသိုလ်ပညာ သင်ကြားရေးစနစ်ကို မတရားသဖြင့် စီမံထားခြင်းဖြစ်တယ်။ မြန်မာနိုင်ငံမှာပဲ အင်္ဂလိပ်ကလေး၊ လူငယ်လူရွယ်များ သင်ကြားရတဲ့စနစ်ဟာ သခင်ဖြစ်စေတဲ့ ပညာရေးစနစ်ဖြစ်နေပြီး မြန်မာကလေး၊ လူငယ်လူရွယ်တွေ သင်ကြားရတဲ့စနစ်ကျတော့ ကျွန်ဖြစ်စေတဲ့ပညာရေးစနစ် ဖြစ်နေတယ်။ တကယ်တော့ မည်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်နေပါစေ မြန်မာပြည်မှာပညာရေးစနစ်ကို ညီတူညီမျှအတူတူ တစ်မျိုးတစ်စားတည်းထားသင့်ပါတယ်။ ဒါကြောင့် တက္ကသိုလ်သပိတ်ကြီးကို ညီညီညွတ်ညွတ်နဲ့ ဆက်လက်ဆင်နွှဲကြပါ။ ပြီးတော့ အမျိုးသားကျောင်းများကိုလည်း ထူထောင်ကြပါ”ဟု မြန်မာဘက်မှ မှန်မှန်ကန်ကန် မားမားမတ်မတ်ရပ်တည်၍ ထောက်ခံပေးသည်ကို လေ့လာကြည့်ရုံမျှနှင့်ပင် အင်္ဂလိပ်နယ်ချဲ့ အစိုးရကျင့်သုံးနေသော ပညာရေးမူဝါဒ၏ အဇ္ဈတ္တအတွင်းသရုပ်ကိုရော ဗဟိဒ္ဓပြင်ပအသွင်အပြင်ကိုပါ သိမြင်နိုင်မည်ဖြစ်ပါသည်။
ပထမဦးဆုံး အမျိုးသားပညာရေးလှုပ်ရှားမှုဖြင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ
အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်ပမာ အကျပ်ရိုက်ကာ ရန်ကုန်တက္ကသိုလ် အဓိပတိဒုတိယဘုရင်ခံ ဆာရီဂျင်နယ်ကရက်ဒေါက်က ထိုစဉ်က ဝတ်လုံတော်ရ ရှေ့နေဦးချစ်လှနှင့် အခြားရှေ့နေသုံးဦးတို့အား ခေါ်ယူတွေ့ဆုံ၍ မည်သို့ဖြေရှင်းရမည်ကို အကြံဉာဏ်များရယူခဲ့ရသည်။ ရည်ရွယ်ချက်မှာ ရန်ကုန်တက္ကသိုလ် သပိတ်တိုက်ပွဲကြောင့် ရန်ကုန်တက္ကသိုလ်ဥပဒေ (၁၉၂၀)ကို ဘုရင်ခံက ပြင်ဆင်ပေးရခြင်းမျိုး မဖြစ်စေလိုဘဲ ဥပဒေအကြံပေးရှေ့နေကြီးများ၏ မေတ္တာရပ်ခံအကြံပြုချက်ကြောင့်သာ ဥပဒေကို ပြင်ဆင်ပေးခြင်းဖြစ်သည်ဟု ထင်မြင်စေလို၍ဖြစ်သည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်သပိတ်မှောက် ကျောင်းသား ကျောင်းသူများအတွက် ပညာရေးကောင်စီကို မျိုးချစ်အမျိုးသားရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဦးမောင်ကြီး (M.A) (နောင်ပညာရေးဝန်ကြီး)ကဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာထင်အောင် (နောင်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်)တို့က ဦးဆောင်ဖွဲ့စည်းကာ ဗဟန်းရွှေကျင်ကျောင်းတိုက်၌ ပထမဦးဆုံး “အမျိုးသားကောလိပ်” (National College)ကို ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျေးဇူးတော် ရှင်ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးကောသလ္လအမှူးပြုသော သံဃာတော်များက ငါးပါးသီလနှင့် ပရိတ်တော်များ ချီးမြှင့်ခဲ့ပြီးဥက္ကဋ္ဌ ဆာဦးမောင်ကြီး(M.A)က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ အမျိုးသားကောလိပ်၏ ဦးဆောင်ဥပဇ္ဈာယ်ဆရာ ကြီးများအဖြစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်း (နောင်စတာလင် ငြိမ်းချမ်းရေးဆုနှင့် အလင်္ကာကျော်စွာဘွဲ့ရ)၊ ဒီးဒုတ်ဦးဘချို (နောင်ပြန်ကြားရေးဝန်ကြီးနှင့် အာဇာနည်ခေါင်းဆောင်)တို့က စတင်သင်ကြားပို့ချပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် မြန်မာပြည်အနှံ့ “အမျိုးသားကျောင်းများ” (National Schools) ပေါ်ပေါက်လာခဲ့သည်။
ထိုသောအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ကိုလိုနီပညာရေးစနစ်အတွင်း သရုပ်ဆိုးကို ဖော်ဆောင်ထားသည့် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရတော့သည်။ မကြာမီ ဆာဦးမောင်ကြီး(M.A) မှာ ပညာရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရသဖြင့် အမျိုးသားကျောင်းများကို အစိုးရကျောင်းများဖြစ်အောင် ဆောင်ရွက်ပေးပြီး အမျိုးသားကျောင်းများအတွက် အစိုးရ၏ ပညာရေးထောက်ပံ့ငွေများရရှိအောင် ဆောင်ရွက်ပေးသည့်အပြင် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များအား တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရေးအတွက်ပါ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည့် ကိုလိုနီခေတ်တွင် အမျိုးသားပညာရေးအောင်ပွဲကြီး ပေါ်ထွန်းလာခဲ့ပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် “အမျိုးသားအောင်ပွဲနေ့” (National Day) အဖြစ် သမိုင်းမော်ကွန်း စိုက်ထူနိုင်ခဲ့သည်။
တစ်မျိုးသားလုံးနိုးကြားခဲ့သည့် အမျိုးသားနေ့
၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ထိုစဉ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သော အစိုးရအဖွဲ့က ၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကိုလိုနီပညာရေးစနစ်ကို ဦးဆောင်တိုက်ဖျက်ခဲ့သည့် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များကို ဖိတ်ကြားကာ ရန်ကုန်မြို့ ကန်တော်ကြီး မြေပဒေသာကျွန်း၌ အမျိုးသားနေ့ရွှေရတုသဘင်ကို ဂုဏ်ပြုခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ပညာခေတ်ကြီးတွင် ပညာမြင့်၍ နိုင်ငံတင့်တယ်ဝင့်ထည်စေဖို့
ယခုဆိုလျှင် အမျိုးသားအောင်ပွဲနေ့ကြီးသည် (၁၀၄)နှစ်ပြည့်မြောက်ခဲ့ပါပြီ။ အတိတ်က “သမိုင်းဖြစ်စဉ်”များက ပစ္စုပ္ပန်အတွက် “သမိုင်းပေးသင်ခန်းစာများ” ပေးအပ်ကာ ပစ္စုပ္ပန်ရော အနာဂတ်အတွက်ပါ “သမိုင်း၏လိုအပ်ချက်”များ ကို တာဝန်သိသိသစ္စာရှိရှိ ဖြည့်ဆည်း၍ “သမိုင်းပေးတာဝန်များ”ကို ကျေပွန်စွာထမ်းဆောင်ကြရန် လမ်းညွှန်လျက်ရှိပါသည်။
မျိုးချစ်ဝံသာနု စိတ်ဓာတ်မနသီမြတ်နှင့်အတူ အမျိုးသားပညာရေးလှုပ်ရှားမှုကြီးကြောင့် ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ရန်ကုန်တက္ကသိုလ်ဥပဒေ (၁၉၂၀ ပြည့်နှစ်)ကို ပြင်ဆင်ပေးခဲ့ရသည့်အပြင် “အမျိုးသားကျောင်းများ” နိုင်ငံအနှံ့ ပေါ် ထွက်လာပြီး ထိုမှတစ်ဆင့် “အမျိုးဘာသာသာသနာ ပညာခံယူချက်ဖြင့် တိုင်းတစ်ပါးသား နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ကိုလိုနီကျွန်ဘဝမှ လုံးဝလွတ်မြောက်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေးကို ဆက်လက်တိုက်ပွဲဝင်ပြီး မြန်မာ့လွတ်လပ်ရေးပန်းတိုင်ကြီးကို လှမ်းကိုင်နိုင်ရန် လမ်းခင်းပေးခဲ့သည့် အမျိုးသားရေးလှုပ်ရှားမှုကြီးတစ်ရပ်အဖြစ် သမိုင်းမော်ကွန်း စိုက်ထူနိုင်ခဲ့သော အမျိုးသားအောင်ပွဲနေ့ကြီးပင်ဖြစ်သည်။
ယနေ့မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် ပညာမြင့်မှ နိုင်ငံနှင့် လူမျိုးတင့်တယ် ဝင့်ထည်နိုင်မည်ဖြစ်ရာ “အဆင့်မြင့်လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဘဝ”တွင် အစဉ်ရပ်တည်နေနိုင်အောင် အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းကြရန် အထူးလိုအပ်နေသည့် အချိန်အခါဖြစ်ပါသည်။
လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆနှုန်းကိန်းဆိုသည်မှာ ဝင်ငွေအရရော ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အခြားအခွင့်အလမ်းများအရပါ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုရှိ နိုင်ငံသားတို့၏ ဘဝအရည်အသွေး၊ အဆင့်အတန်းမည်သည့်အဆင့်၊ မည်သည့်အခြေအနေတွင် ရှိနေသနည်းဟူသော အခြေအနေအဆင့်အတန်းကို တိုင်းတာဖော်ပြသော အတိုင်းအတာဆနှုန်းကိန်းပင်ဖြစ်သည်။
လူ့အရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်မှုဆနှုန်းကိန်းကို လက်တွေ့သတ်မှတ်ရာတွင် အခြေခံညွှန်းကိန်းများအဖြစ်
နိုင်ငံသူ နိုင်ငံသားတို့၏ -
(၁)
မျှော်မှန်းသက်တမ်း၊
(၂)
သက်ကြီးစာတတ်မြောက်မှု အချိုးအစား၊
(၃)
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများနှင့် တက္ကသိုလ်၊ ကောလိပ် စသည့် အဆင့်မြင့်ကျောင်းများ၌
ကျောင်းတက်နိုင်မှု အချိုးအစား၊
(၄)
နိုင်ငံသားတစ်ဦးချင်း၏ ဝင်ငွေတို့ဖြစ်ကြသည်။ လူ့အရင်းအမြစ်ဖွံ့ဖြိုးမှုညွှန်းကိန်းများ
အစဉ်ရှင်သန်တိုးတက်နေအောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကြကာ ဘက်စုံပညာရေးစနစ်ဖြင့်
ပညာမြင့်၍ နိုင်ငံနှင့် လူမျိုးတင့်တယ်ဝင့်ထည်ပါစေကြောင်း ထပ်လောင်းဆန္ဒပြု တိုက်တွန်းရင်း
(၁ဝ၄)နှစ်မြောက် သမိုင်းဝင် အမျိုးသားအောင်ပွဲနေ့ကြီးအား ဂုဏ်ပြုဖော်ညွှန်းအပ်ပါသည်။
။
No comments:
Post a Comment