၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်) အမျိုးသားနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။
အဆိုပါ အမိန့်ကြော်ငြာစာအရ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သာ သူရဘွဲ့ကို ပုဂ္ဂိုလ်လေးဦး၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ပုဂ္ဂိုလ် ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော ရဲသူရတံဆိပ်ကို ပုဂ္ဂိုလ်ခုနစ်ဦး၊ ရဲဗလတံဆိပ်ကို ပုဂ္ဂိုလ် ၆၁ ဦးတို့က ချီးမြှင့်အပ်နှင်းခံခဲ့ကြရခြင်းဖြစ်သည်။ ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူး ဆောင်ဘွဲ့ရပုဂ္ဂိုလ်များတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်ဘက်ပြည်သူ အမျိုးသား လူကြီး၊ လူငယ်များပါဝင်သည်ကို တွေ့ရသည်။
လက်ရှိ မိမိတို့နိုင်ငံ၏အခြေအနေအရ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်သည် မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သာမက နိုင်ငံသူ နိုင်ငံသားအားလုံးပါဝင်ထမ်းဆောင်ကြရမည့် အရေးအကြီးဆုံး အမျိုးသားရေးတာဝန်ကြီးဖြစ်သည်။ ငြိမ်းချမ်းရေးကို မလိုလားသည့် EAO အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ မိုင်းခွဲ၊ အကြောင်းမဲ့ပစ်ခတ်မှုများလုပ်ဆောင်ပြီး ပြည်သူလူထုကို အကြောက်တရားဖြင့် စိုးမိုးနေသကဲ့သို့ နိုင်ငံတစ်ဝန်း မတည်မငြိမ်ဖြစ်ပေါ်နေချိန်တွင် အခွင့်ကောင်းယူကာ လက်နက်ကိုင်အဖွဲ့အချို့ကလည်း မြို့ရွာများကိုတိုက်ခိုက်ပြီး နယ်မြေချဲ့ထွင်ရန် ကြိုးပမ်း လျက်ရှိကြသည်။ ယခင်က တည်ငြိမ်အေးချမ်းပြီး ပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနေထိုင်လုပ်ကိုင်စားသောက်နိုင်ခဲ့ကြသည့် နယ်မြေဒေသများမှာ အကြမ်းဖက်သောင်းကျန်းသူတို့၏ တိုက်ခိုက်မှုများကြောင့် စစ်ဒဏ်သင့်ဒေသများဖြစ်သွားပြီး ဒေသ ဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားခဲ့သည့် လမ်းတံတားဆက်သွယ်ရေးများ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံများ ဖျက်ဆီးခံခဲ့ကြရသည်။
စစ်ဒဏ်သင့်ဒေသများမှ ပြည်သူများမှာလည်း ၎င်းတို့၏ အိုးအိမ်ပစ္စည်းဥစ္စာများ၊ လုပ်ငန်းကိုင်ငန်းများကိုစွန့်ခွာ၍ ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်ကြရသည်။ ယင်းသို့ တိမ်းရှောင်ကြရသည့် အခါတွင်လည်း အဖိုးတန်ရွှေ၊ ငွေ၊ ပစ္စည်းများ လုယက်ခံကြရသကဲ့သို့ ပင် စွန့်ခွာထွက်ပြေးခဲ့ရသည့် အိုးအိမ်နှင့် ပိုင်ဆိုင်မှုများအနက် အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးဝှက်ခံရခြင်း၊ နေအိမ်တိုက်တာများတွင် တံခါးမရှိ ဓားမရှိ သိမ်းပိုက်ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းခံကြရသည်။ ထို့အပြင် အရွယ်ကောင်းဒေသခံပြည်သူများ၊ ကလေးငယ်များနှင့် သက်ကြီးပိုင်းအရွယ်များအထိ အဓမ္မစစ်မှု ထမ်းဆောင်စေကာ တိုက်ပွဲဝင်ခိုင်းမှုများကိုလည်း ကြုံတွေ့ကြရသည်။ နိုင်ငံမပျက်ပျက်အောင် ဝိုင်းဝန်းဖျက်ဆီးနေကြသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုအတွက်ရော နိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးကြရပြန်သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ အတူတကွ စုစည်းနေထိုင်ကြသည့်နိုင်ငံဖြစ်ပြီး ကျဉ်းမြောင်းသည့် လူမျိုးရေးစိတ်ဓာတ် ဖြင့် ခွဲခြား၍ မရသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသားတိုင်း လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍လည်းကောင်း၊ ဘာသာတရားအရလည်းကောင်း၊ အသားအရောင်၊ ကျား/မ ဟူ၍ လည်းကောင်း ခွဲခြားမှုမရှိ၊ တန်းတူရည်တူသာဖြစ်သည်ကိုလည်း အခိုင်အမာပြဋ္ဌာန်းထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသားမှန်သမျှ မြန်မာနိုင်ငံတစ်ဝန်း မည်သည့်ချုပ်ချယ် ကန့်သတ်မှုမျိုးမှ မပါဝင်ဘဲ လွတ်လပ်စွာသွားလာနေထိုင်ခွင့်၊ လွတ်လပ်စွာ ပရိယေသန ဝမ်းစာရှာဖွေစားသောက်ခွင့်တို့လည်း ရှိပြီးဖြစ်သည်။ သို့ရာတွင် ကျဉ်းမြောင်းသည့်တစ်ယူသန် လူမျိုးစွဲဝါဒ စွဲကိုင်ထားကြသည့် သောင်းကျန်းသူအဖျက်သမားများကြောင့် နိုင်ငံတော်၏ နေရာဒေသအချို့တွင် ပြည်သူများမှာ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတို့ ဆုံးရှုံးနေကြရသည်။ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေးများလည်း ဆုံးရှုံးနေကြရသည်။
သို့ဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားတို့ကြောင့် အမှောင်ဖုံးလွှမ်းခဲ့ရသည့်ဒေသများ အလင်းရောင်အောက်သို့ ပြန်လည်ရောက်ရှိရေး၊ နိုင်ငံတစ်ဝန်းအေးချမ်းသာယာရေး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် တပ်မတော်နှင့်အတူ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်သောအားဖြင့် ကာကွယ်စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment