နေပြည်တော်
နိုဝင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော် ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကို Clean City၊ Green City၊
Smart City ဖြစ်စေရန်အတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍအနေဖြင့်လည်း
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံသားများအားလုံးအတွက်
ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း
ခရီးစဉ်ဒေသများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင်
အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
သဘာဝ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု
ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း
ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများတိုးတက်လားစေရေး၊
ခရီးစဉ်နေရာများတွင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွား ဆွဲဆောင်မှုရှိစေရေးနှင့်
ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိစေရေး၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေး၊
ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်သည့်သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊
အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊
လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း
ပြောကြားခဲ့သည်။
ထို့နောက်
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ရုံးခွဲ ညွှန်ကြားရေးမှူး၊ ကော်မတီအဖွဲ့ဝင်များနှင့် နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်း၊
ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များက နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး
ဆွေးနွေးတင်ပြကြသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး
နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ
ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)ရုံးသို့ သွားရောက်ပြီး ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတာဝန်ခံများနှင့်
တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ
ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)၊ တော်ဝင်ယာဉ်လိုင်းနှင့် ခရီးသည်ပို့ဆောင်ရေး အဝေးပြေးယာဉ်လိုင်းတာဝန်ခံများက
ယာဉ်လိုင်းများပြေးဆွဲနေမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦးက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းပြေးဆွဲရာတွင် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေး၊
မီးခိုးမြူငွေ့ကင်းစင်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ စနစ်တကျလိုက်နာရေး၊ ယာဉ်လိုင်းများကို
စနစ်တကျစီမံဆောင်ရွက်ကြရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ထွန်းထွန်းဝင်း
(ပြန်/ဆက်)
No comments:
Post a Comment