Wednesday, November 27, 2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်အတွင်းဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများနှင့် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ဆင်ဂေါင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကာ ကွန်ကရစ်ဘီးလမ်းသစ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။








ယင်းနောက် ကွန်ကရစ်ဘီးလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အကဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး လမ်းအရှည် ၁၀၅၀ ပေ၊ ဘီးလမ်းအကျယ်တစ်ဖက် ၃ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာတွင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက် တက်ရောက်ခဲ့၍ တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် အကအဖွဲ့များအား ချီးမြှင့်ငွေပေးအပ်ခြင်း များဆောင်ရွက်ခဲ့သည်။ အဆိုပါလမ်းသည် ပုသိမ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော လမ်းဖြစ်ပြီး လမ်းအရှည် ၁၈၅၀ ပေ၊ အကျယ် ၁၀ ပေ နှင့် ထု ၆ လက်မ ရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သည့် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်တိုး​စေ​ရေးနှင့် ဝတ်မှုံကူးခြင်းလုပ်ငန်းတွင် များစွာအ​ထောက်အကူပြုသည့် ပျားမွေး‌မြူရေးပညာပေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ပျားမွေးမြူရေးသည် နေကြာသီးနှံအတွက် အဓိကလိုအပ်ပြီး သဘာဝပျားများမရှိပါက မွေးမြူရေးပျားများဖြင့် ဝတ်မှုန်ကူးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် တိုင်း​ဒေသကြီးတွင် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန် နှစ်ခုသတ်မှတ်ထားပြီးလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်နှစ်ဇုန်သာမက ဇုန်ပြင်ပများတွင်လည်းလျာထားစိုက်ဧကများ ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပျားဖြင့်ဝတ်မှုံကူးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျှက်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျားဖြင့်ဝတ်မှုံကူးခြင်းသည် ဆီထွက်သီးနှံနေကြာ၊ နှမ်းသီးနှံစိုက်ပျိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွက် ပျားမွေးမြူရေးလုပ်ငန်းသည် မဖြစ်မနေလိုအပ်နေပါကြောင်းနှင့် ပျားမွေးမြူရေးသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများကို ရအောင်ယူ၍ ဆက်လက်ပြန့်ပွားရေးအတွက်လည်း ဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားများပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်းတွင် ပြသထားသည့်ပျား​မွေးမြူ​ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ပျားပုံးများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါပျားမွေးမြူရေးသင်တန်းအား သင်တန်းသား/သူ (၆၀) ဦးဖြင့် (၂) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)

No comments:

Post a Comment