နေပြည်တော် နိုဝင်ဘာ ၇
နိုင်ငံတစ်ဝန်း တန်ဆောင်တိုင်ပွဲတော်များ စီစဉ်ကျင်းပ၍ ပျော်ရွှင်စွာဆင်နွှဲမှုနှင့်အတူ ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌လည်း ယခင်နှစ်ကဲ့သို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ၊ ဝတ်ရွတ်အသင်းအဖွဲ့များက အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ မီးပုံးပျံကြီးများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်ပွဲနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်မှု၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်မှု၊ LED မီးများဖြင့် အလှဆင်ပူဇော်မှုများ စီစဉ်ကျင်းပမည့်အပြင် ဇာတ်သဘင်ပွဲထည့်သွင်းပြီး ကပြဖျော်ဖြေ တင်ဆက်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။
ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်များ ထည့်သွင်းခင်းကျင်းပြသ၊ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုတွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏စီစဉ်မှုဖြင့် ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ညစဉ် ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment