Thursday, November 7, 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ သတ်မှတ်ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

 


နေပြည်တော် နိုဝင်ဘာ ၆

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ ယမန်နေ့က ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို အောင်မြင်စွာကောက်ယူဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေအရ ကောက်ယူရန်ကျန်ရှိသည့်နယ်မြေ ဒေသအချို့ကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆက်လက်ကောက်ယူလျက်ရှိပါကြောင်း။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် သတ်မှတ်ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အထူးဒေသများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလုပ်ငန်းစဉ်အားလုံးသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးတာဝန်များအဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှု၊ ကောက်ယူရရှိသည့် အချက်အလက်များကို e-ID Server အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှု၊ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုနှင့် ကောက်ယူရန် ကျန်ရှိသည့်ဒေသများ၌ ဆက်လက်ကောက်ယူဆောင်ရွက်နေမှု၊ မဲစာရင်းပြုစုနိုင်ရေးအတွက် အတည်ပြုမူကြမ်းများပြုစုပေးပို့မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment