နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စီးပွားရေးပညာဘွဲ့ရသူများ၊ မြန်မာနိုင်ငံစီးပွားရေးပညာနှစ် (၁၀၀) ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးဆောင်ကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ စီးပွားရေးနှင့်သက်ဆိုင်သော ဝန်ကြီးဌာနများမှကိုယ်စားလှယ်များ၊ စီးပွားရေးပညာရပ်ဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့်ညီနောင်အသင်းများ၊ စီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဆိုင်ရာတက္ကသိုလ်များမှ ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားဟောင်းများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနား Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် ခေတ်ကာလအဆက်ဆက် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် စီးပွားရေးပညာကို စတင်သင်ယူခွင့်ရရှိခဲ့ပြီး နိုင်ငံအတွက် အထောက်အကူပြုနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးပညာနှင့်ပတ်သက်ပြီး ထူးခြားသည့်နှစ်တစ်နှစ်ဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာ့ပညာရေးသမိုင်းတွင် စီးပွားရေးပညာရပ်အနေဖြင့် စတင်ပါဝင်လာခဲ့သည်မှာ ၁၉၂၄ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာန စတင်ဖွင့်လှစ်သင်ကြားခဲ့ချိန်ကဖြစ်ကြောင်း၊ ထို့ကြောင့် “စီးပွားရေးပညာနှစ် ၁ဝဝ သက်တမ်း” ကာလအတွင်း ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ၊ စီးပွားရေးပညာဘွဲ့ရများ၊ လက်ရှိစီးပွားရေးပညာသင်ယူနေဆဲ ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီး၌ စီးပွားရေးပညာဖြင့် နိုင်ငံ့အကျိုးသယ်ပိုးနေကြသူများအားလုံး၏ ဂုဏ်ယူဖွယ်နေ့တစ်နေ့ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း။
စီးပွားရေးပညာ နှစ် ၁၀၀ ခရီးကို ပြန်ကြည့်မည်ဆိုပါက ကိုလိုနီခေတ်ကစတင်ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်အထိ ခေတ်အဆက်ဆက်တွင် စီးပွားရေးပညာအနေဖြင့် မူဝါဒဆိုင်ရာပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍကို ကောင်းစွာအကျိုးပြုခဲ့သည့် ဘာသာရပ်ကြီးလည်းဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် စီးပွားရေးပညာရပ် သင်ကြားမှုနှင့်ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနအောက်၌ ဘောဂဗေဒဌာန (စီးပွားရေးပညာဌာန) ကို၁၉၂၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘောဂဗေဒဘွဲ့အတွက် သင်ကြားခဲ့ကြောင်း၊ ယခုနှစ်တွင် “စီးပွားပညာနှစ် ၁ဝဝ” နှင့် “ရန်ကုန်စီးပွားရေးတက္ကသိုလ်အဖြစ် ထူထောင်သည့် နှစ်(၆ဝ) ပြည့်သည့်နှစ်” တိုက်ဆိုင်နေခြင်းသည်လည်း “ဂုဏ်ယူဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ရပ်” ဖြစ်ကြောင်း။
ယနေ့ကာလ ကမ္ဘာ့စီးပွားရေးကိုကြည့်မည်ဆိုပါက ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အားပြိုင်မှုများ၊ ရောဂါကပ်ဘေးသက်ရောက်မှု၊ သဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ထိခိုက်မှု၊ ကုန်သွယ်ရေးနှင့်ငွေကြေးဆိုင်ရာပြဿနာ၊ နည်းပညာပြိုင်ဆိုင်မှုများ၊ စွမ်းအင်လုံခြုံရေး အခက်အခဲ စသည်တို့ကြောင့် ပထဝီစီးပွားရေးအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ ကျင့်သုံးမှုများ ပိုမိုတိုးပွားလာသည်ကိုလည်းတွေ့ရကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေးရောစပ်ပေါင်းယှက် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်း ပြဿနာအသစ်များကို မေခရိုစီးပွားရေးပညာရပ်နှင့် နိုင်ငံရေးဘောဂဗေဒရှုထောင့်တို့ပေါင်းစပ်ပြီး နည်းလမ်းသစ်နှင့် လေ့လာသုံးသပ်ဆောင်ရွက်ကြရန် လိုအပ်လာသည်ကို တွေ့ရှိရကြောင်း။
ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မိမိတို့နိုင်ငံအနေဖြင့်လည်း အနည်းနှင့်အများ သက်ရောက်ခံစားကြရကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ယူကတည်းက စီးပွားရေးနှင့်ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတွင်းရှိ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သာမက အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ တန်းတူညီမျှရှိစေရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးတို့အတွက် အလေးထားအကောင်အထည်ဖော်ပေးနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စီးပွားရေးပညာကို စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝဖြင့် လက်တွေ့အသုံးချတတ်မှုသည်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁)၊ ပုဒ်မ ၃၅ တွင် “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ဈေးကွက်အားနည်းချက် (Market Failure) များစွာရှိသည့်အတွက် အစိုးရကပါဝင်လုပ်ဆောင်နေရသည့် အခန်းကဏ္ဍများစွာရှိနေကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရှိနေသေးသည့်အတွက်လည်း ထည့်သွင်းစဉ်းစားရသည့် စီးပွားရေးကိန်းရှင်များစွာရှိနေကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဈေးကွက်နှင့် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုများပြားအရေးပါလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ စီးပွားရေးပညာရှင်များ၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူများ၊ ရင်းနှီးမြှုပ်နှံသူများအားလုံးက ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ၊ ခံနိုင်ရည်ရှိစွာ ပါဝင်အကောင်အထည်ဖော်ပေးကြရန်လည်း တိုက်တွန်းလိုကြောင်း၊ နိုင်ငံ၏အခြေခံအချက်အလက်များပေါ်တွင်မူတည်ပြီး စီးပွားရေးပညာရှင်များ အနေဖြင့် နိုင်ငံ့စီးပွားရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်သည်၊ မတူညီသည့် ဒေသအခြေအနေများပေါ်မူတည်ပြီး ဒေသအလိုက် စီးပွားရေးကို ရေတို၊ ရေရှည်အတွက် မည်သို့ဆောင်ရွက်သင့်သည် ဆိုသည်ကို ဖော်ထုတ်ကြရန်လိုကြောင်း။
ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေသူများဖြစ်သည်ဟု သန်းခေါင်စာရင်း အစီရင်ခံစာတွင် တွေ့ရှိရကြောင်း၊ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များသာဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး အခြေခံအားဖြင့် တူညီကြကြောင်း၊ အသက် ၂၅ နှစ် အထက်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပညာရေးအသင့်အတင့်သာရှိသောကြောင့် မိမိတို့အနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အလေးထားဆောင်ရွက် သင့်သည်ဆိုသည်မှာ ပေါ်လွင်နေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားသည် စီးပွားရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ယခုလက်ရှိအခြေအနေထက်တိုးတက်အောင် ဆောင်ကြဉ်းပေးရန် လိုကြောင်း၊ ထို့အပြင် ပြန်လည်ရရှိနိုင်သည့် သဘာဝကုန်ကြမ်းကိုအခြေခံသောကုန် ထုတ်လုပ်မှုများကို အားပေးကြရမည်၊ ဝါ၊ ဝါး၊ ရာဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရမည်၊ ကိန်းဂဏန်းများအရ တိုးတက်မှုသာမက လက်တွေ့ကျကျတိုးတက်အောင် ဆောင်ရွက်ကြရမည်၊ အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထွက်နှုန်းကောင်းမွန်ရေး တစ်နည်းအားဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးမူ (၃) ရပ်ကိုအခြေခံပြီး ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းလိုကြောင်း။
မိမိတို့နိုင်ငံ GDP ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုများဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းသည်လည်း အသေးစား၊ အငယ်စား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများသာဖြစ်ကြကြောင်း၊ ထို့ကြောင့် ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနှင့် Agro-based Industry ကို အဓိကထားပြီး MSME များ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တွဲဖက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိကြောင်း။
ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု၊ စာရင်းနှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုမှအစ တီထွင်ဆန်းသစ်မှု၊ ထုတ်ကုန်ဖွံ့ဖြိုးမှု၊ ဈေးကွက်ချဲ့ထွင်မှုနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်းစသည့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး Business Idea များကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်" ဟူသည့်အတိုင်း မိမိတို့နိုင်ငံ၏ တိုင်းပြည်ဝင်ငွေတိုးတက်ရေးအတွက် မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်း (Productivity) တိုးတက်ရေး၊ အရည်အသွေးစံချိန်မီ၊ ဈေးကွက်ရရှိရေး မိမိတို့ပြည်တွင်းအားဖြင့် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးမြင့်မားလာအောင် ရိုးရိုးသားသား ကြိုးစားဆောင်ရွက်သူများကို Incentive ပေးခြင်း၊ ချီးမြှင့်ခြင်းများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး သဘာဝဘေးအန္တရာယ်ကြောင့်သာမက လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်ပါ ကြုံတွေ့နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်ကစပြီး ဖွံ့ဖြိုးမှုလုပ်ငန်းများကို စီမံကိန်းများ စနစ်တကျချမှတ်အကောင်အထည်ဖော်ခဲ့ကြောင်း၊ သို့သော်လည်း သဘာဝဘေးနှင့် အခြားအနှောင့်အယှက်အမျိုးမျိုးကြောင့် ပျက်စီးခဲ့သည့် လူမှုစီးပွားရေး အခြေခံအဆောက်အအုံများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါ လုပ်ဆောင်နေရသောကြောင့် ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်သားများ၏ ကြိုးပမ်းမှုများသည် ခရီးရောက် သင့်သလောက် မရောက်ခဲ့သည်ကိုလည်းတွေ့ရကြောင်း။
လက်ရှိကာလတွင်လည်း ပြန်လည်တည်ဆောက်ရေး၊ ထူထောင်ရေးနှင့် နေရာချထားရေးလုပ်ငန်းများဖြစ်သည့် Reconstruction ၊ Relief ၊ Rehabilitation ၊ Resilience စသည်တို့ကိုလုပ်ဆောင်နေရသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ အနာဂတ်သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိအောင် ကြိုတင်ကာကွယ်ရေးများကိုလည်း ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရေး (Nation Building) အတွက် အဓိကငွေကြေးလိုအပ်ချက်များကိုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများက ဖြည့်ဆည်းပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ရာဂီမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်လှူဒါန်းခဲ့ကြသောကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏စေတနာကို ထင်ရှားစွာမြင်တွေ့ရသည့်အတွက် ဂရုတစိုက်နှင့် မျှဝေခံစားတတ်သည့် လူ့အဖွဲ့အစည်း (Caring and Sharing Society) ဆိုသည်ကို သက်သေပြရာ ရောက်ခဲ့ကြောင်း။
အနာဂတ်တွင်တွေ့ကြုံရမည့် စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲများကို ကမ္ဘာ့နိုင်ငံများအနေဖြင့် လေ့လာသုတေသနပြုပြီး သုံးသပ်တွက်ချက် ပြင်ဆင်လာကြသည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ပြင်ဆင်ကြရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းစီးပွားရေးအခြေအနေ၊ လူ့အရင်းအမြစ်၊ သယံဇာတအရင်းအမြစ်နှင့် ငွေကြေးဓနအင်အား အခြေအနေအလိုက် ဆီလျော်သည့်နည်းလမ်းအမျိုးမျိုးကို ရှာဖွေချဉ်းကပ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက စီးပွားရေးစိန်ခေါ်မှုများ သက်သာလျော့ပါးစေရေး ချဉ်းကပ်ကြိုးပမ်းဆောင်ရွက်ကြရာတွင် နိုင်ငံများအလိုက် ချဉ်းကပ်ပုံများ ကွဲပြားခြားနားကြကြောင်း၊ အထူးသဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပင်ဖြစ်စေ ပုဂ္ဂလိကကဏ္ဍ၌ပင်ဖြစ်စေ အကျပ်အတည်းပြဿနာဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရလဒ်ကွာခြားနိုင်သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း။
စွမ်းဆောင်ရည် အခြေခံလိုအပ်ချက်များကို ပြင်ဆင်တည်ဆောက်နိုင်မှသာ နိုင်ငံအတွက် မျက်မှောက်ကာလသာမက အနာဂတ်ကာလတွင်ပါ ဖြစ်ပေါ်လာနိုင်သည့် ဖွံ့ဖြိုးမှုအလားအလာတို့ကို ချဉ်းကပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံအနာဂတ်အတွက် “မေခရိုစီးပွားရေးမူဝါဒများ” နှင့် “အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ” ရေးဆွဲအကောင်အထည်ဖော်နိုင်ရေး တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းလုပ်ငန်းစဉ်တွင် စီးပွားရေးပညာ၏ ဉာဏစွမ်းအားများပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံရေးဘောဂဗေဒ (Political Economy) အမြင်နှင့် လေ့လာသုတေသနပြုပြီး နိုင်ငံ၏အနာဂတ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်းကြပါဟု တိုက်တွန်းလိုကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လူသားအရင်းအမြစ်များစွာလိုအပ်ပြီး အခြေခံမှစ၍ ဦးဆောင်မှုအဆင့်အထိ လုပ်တတ်၊ ကိုင်တတ်၊ မြင်တတ်ကြရန်လိုကြောင်း၊ ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာရှင်များဖြစ်ကြသည့် ဆရာကြီးဒေါက်တာလှမြင့်၊ ဒေါက်တာအေးလှိုင်၊ ဒေါက်တာမောင်ရှိန်၊ ဒေါက်တာ သန်းညွန့်တို့၏ ဦးဆောင်မှုနှင့် ယခုနှစ် ၁၀၀ ကာလအတွင်း စီးပွားရေးတက္ကသိုလ် အသီးသီးမှ ဘွဲ့ရ ၉၆,၆၉၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုတက်ရောက်နေဆဲ ၁၉,၀၄၂ ဦးရှိကြောင်း၊ အဝေးသင်တက္ကသိုလ်အသီးသီးကလည်း ၁၇၀,၉၃၁ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဒေသအလိုက် စီးပွားရေးအမြင်ရှိမည့် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာဘွဲ့ (စီးပွားရေး) သင်တန်းများကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းတက်ရောက်နေသူ ၁,၇၈၆ ဦးရှိကြောင်း၊ စီးပွားရေးပညာအခြေခံ၊ စီးပွားရေး အမြင်ရှိမှသာ နိုင်ငံစီးပွားရေးကို ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးနယ်ပယ်မြင့်မားလာအောင် အဘက်ဘက်ကဦးဆောင်မှုပေးခဲ့ကြသည့် ဆရာကြီးများနှင့် စီးပွားရေးပညာရပ်နယ်ပယ်အသီးသီးမှ ဆရာကြီး၊ ဆရာမကြီးများအားလုံးကို ဂုဏ်ပြုပါကြောင်း။
နယ်ပယ်စုံကဏ္ဍစုံတွင် လက်တွေ့အသုံးချနိုင်သည့် စီးပွားရေးပညာရပ်ကို “စီးပွားရေးပညာ နှစ် ၁ဝဝ၊ ပြည်သူ့အကျိုးတို့သယ်ပိုး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိမိအကျိုးစီးပွား၊ မိသားစုအကျိုးစီးပွား၊ လုပ်ငန်းအကျိုးစီးပွားများမှသည် နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားများကိုပါ မြှင့်တင်ပေးနိုင်မည့် အတ္တ-ပရမျှတသည့် အနာဂတ်မျိုးဆက်သစ်များ၏ စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာစေရေး၊ စီးပွားရေးပညာကို လက်တွေ့ကျင့်သုံးနိုင်သူများဖြစ်အောင် ကျွမ်းကျင်သူများကို မွေးထုတ်ပေးပြီး နောင်နှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အခမ်းအနားကျင်းပရေးကော်မတီနာယက ဒေါက်တာသန်းညွန့်က ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။
ထို့နောက် “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလှည့်လည် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment