နေပြည်တော် နိုဝင်ဘာ ၂၃
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူ တတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်း (Main Survey) စတင်ဆောင်ရွက်ခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ၊ SEA-PLM ဦးစီးကော်မတီ၊ နည်းပညာအဖွဲ့ဝင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ စစ်ဆေးအကဲဖြတ်ခြင်းတွင် ကျောင်းညှိနှိုင်းရေးမှူးများနှင့် စာမေးပွဲကြီးကြပ်သူများအဖြစ် ဆောင်ရွက်မည့် ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာ စစ်ဆေးရေးစံ SEA-PLM သည် မူလတန်းအဆင့်နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade-5) ကျောင်းသားများ၏ အရေး၊ အဖတ်၊ သင်္ချာနှင့် ကမ္ဘာ့သားကောင်းဖြစ်မှုစွမ်းရည်များနှင့် ၎င်းတို့အပေါ် သက်ရောက်နေသော အကြောင်းခြင်းရာများကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သော ပညာရည်စစ်ဆေးမှုတစ်ခုဖြစ်ကြောင်း၊ မျှော်မှန်းချက်အနေဖြင့်အရှေ့တောင် အာရှမူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (SEA-PLM)သည် အာဆီယံဒေသတွင်း သင်ယူမှုအခြေအနေကို ထင်ဟပ်စေလျက် ၂၁ ရာစု ကျွမ်းကျင်မှုများပါဝင်သည့် ပညာရည်စစ်ဆေးမှုကို ဖြည့်ဆည်းခြင်းအားဖြင့် ပိုမိုကောင်းမွန်တိကျသော သင်ယူမှုရလဒ်များ ဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း။
ဒုတိယအကြိမ် SEA-PLM 2024တိုင်းတာ စစ်ဆေးမှုကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံခုနစ်နိုင်ငံ ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SEA-PLM 2024 ပင်မစစ်ဆေးမှု (Main Survey)၏ အချက်အလက်ကောက်ခံခြင်းလုပ်ငန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြို့နယ် ၁၀၅ မြို့နယ်မှ ရွေးချယ်အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း ၁၉၂ ကျောင်းမှ ရွေးချယ်ထားသည့် Grade-5 ကျောင်းသား ၆၀၄၄ ဦးကို စာဖတ်စွမ်းရည် (Reading)၊ သင်္ချာစွမ်းရည် (Mathematics)၊ ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) တို့ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့် ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် တစ်နိုင်ငံလုံး တစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်မှု သုတေသနလုပ်ငန်းကို နိုင်ငံတကာသတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ(SEA-PLM) ၏ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
မွန်းလွဲပိုင်းတွင် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်း (Main Survey) စတင်ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment