Thursday, November 7, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၇

(၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

 




 






အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီယားနိုင်ငံ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ရောက်ရှိလာရာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ လာအိုနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ လာအိုနိုင်ငံ၀န်ကြီးချုပ်က အဖွင့်မိန့်ခွန်းကိုလည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်က အမှာစကားကိုလည်းကောင်း ပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပထမအနေဖြင့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် (၄) နှစ်တာကာလကို အောင်မြင်စွာထမ်းဆောင်နိုင်ခြင်းအတွက် လာအိုနိုင်ငံဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် လာအိုနိုင်ငံအနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့် အစည်းအဝေးကို ဦးဆောင်ကျင်းပနိုင်ခြင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မိမိအပါအဝင် မိမိတို့၏ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးသောဧည့်ဝတ်ပြုမှု၊ ကောင်းမွန်သော အစီအစဉ်များဖြင့် ကြိုဆိုပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း။

၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် အခြေတည်ခဲ့သည့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုသည် ယခုဆိုလျှင် (၂၁) နှစ်သက်တမ်းရှိခဲ့ပြီဖြစ်ကြောင်း၊ စတင်တည်ထောင်ချိန်ကစ၍ အက်ခ်မက်သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရေးနှင့် ဒေသဆိုင်ရာ စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း၊ မဲခေါင်နိုင်ငံ (၅) နိုင်ငံနှင့် စုစည်းထားသော အက်ခ်မက်ဖြစ်သည့်အတွက် (၅) နိုင်ငံတွင်ရှိ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှု နှောင်ကြိုးများသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးအပေါ် အခြေခံထားခြင်းပင်ဖြစ်ကြောင်း။

အလားတူ မဲခေါင်ဒေသခွဲသည် အချက်အချာကျသော မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိပြီး၊ သဘာဝနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များ ပေါကြွယ်ဝမှုကြောင့် ထင်ရှားကျော်ကြားပါကြောင်း၊ ယနေ့ထိပ်သီးအစည်းအဝေး၏ “မဲခေါင်ဒေသတွင်း ပေါင်းစည်းမှုမှသည် အကြားအလပ်မရှိသော ချိတ်ဆက်မှုဆီသို့” ဆိုသည့် ခေါင်းစဉ်နှင့်အညီ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများသည် မိမိတို့ဒေသကို အလုံးစုံ ဖွံ့ဖြိုးတိုးတက်သည့်ဒေသအဖြစ် အသွင်းပြောင်းရန် ဖော်ပြပါ အားသာချက်များကို ထိရောက်စွာ အသုံးချရန်လိုအပ်ကြောင်း။

ပူးပေါင်းဆောင်ရွက်မှုနှစ်များအတွင်း မိမိတို့ပူးပေါင်းဆောင်ရွက်မှု၏ အရှိန်အဟုန်ကို သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အစည်းအဝေးများကျင်းပ၍ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များနှင့် သက်သေပြနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် အက်ခ်မက် ယာယီအတွင်းရေးမှူးရုံး (AIS) တည်ထောင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများနှင့် မဲခေါင်သိပ္ပံ (MI) တို့အကြား စာချွန်လွှာအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုမှုနှင့် အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းကြိုးပမ်းမှုများကို အသိအမှတ်ပြုလိုကြောင်း၊ အက်ခ်မက် ယာယီအတွင်းရေးမှူးရုံး၏ လုပ်ဆောင်နိုင်စွမ်းသည် အက်ခ်မက်မူဘောင်အောက်တွင် ဒေသတွင်းပေါင်းစည်းမှုကို ဖော်ဆောင်မည့် အက်ခ်မက်၏ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ကြောင်း။

အက်ခ်မက်အမှတ်တံဆိပ်နှင့် အက်ခ်မက်ဝက်ဘ်ဆိုဒ်တို့ကို တရားဝင်စတင် မိတ်ဆက်နိုင်ခဲ့ခြင်းသည်လည်း မိမိတို့၏ အနာဂတ်ကြိုးပမ်းမှုများအပေါ် ပြည်သူများ၏ သတိပြုမှုကိုမြှင့်တင်နိုင်ခဲ့ပြီး ရှေ့ဆက်သွားမည့် ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်ခဲ့ကြောင်း၊ မကြာမီက အက်ခ်မက်နိုင်ငံများသည် ဆိုင်ကလုန်း၊ တိုင်ဖုန်းမုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံခံစားခဲ့ကြရပြီး ယင်းစိန်ခေါ်မှုများသည် ဒေသတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ဒေသတွင်းသာယာဝပြောရေးကို ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုကဲ့သို့ စိန်ခေါ်မှုများနှင့် ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဘေးကင်းရေးအသိပညာနှင့် ထိရောက်သည့်စီမံခန့်ခွဲမှုများနှင့် ဒေသတွင်းအဆင့် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးနိုင်ရန် လိုအပ်ကြောင်း။

မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကိုရရှိနိုင်ရန် အားနည်းချက်များနှင့် စိန်ခေါ်မှုများကိုလည်း လေ့လာသုံးသပ် မိကြောင်း၊ အက်ခ်မက်အဖွဲ့ဝင်အများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သောကြောင့် နည်းလမ်းတစ်မျိုးတည်း အသုံးပြုပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုရရှိရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ မိမိတို့အနေဖြင့် အက်ခ်မက် ပင်မစီမံချက် (ACMECS Master Plan) တွင် ဖော်ပြထားသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် ဆန်းသစ်သည့် မဟာဗျူဟာများနှင့် လက်တွေ့ကျကျ အကောင်အထည်ပေါ်စေမည့် အသုံးချနိုင်သော ရန်ပုံငွေ ယန္တရားလည်း လိုအပ်ကြောင်း။

ထို့ကြောင့် အက်ခ်မက်ရန်ပုံငွေယန္တရား ထူထောင်ရေးနှင့် ရန်ပုံငွေရရှိရန် အလားအလာနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကိုရှာဖွေရန် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်များနှင့် ချိတ်ဆက်မှုများအတွက် ထိုင်းနိုင်ငံ၏ ဆန်းသစ်သည့် စိတ်ကူးကို အသိအမှတ်ပြုကြောင်း၊ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို မြှင့်တင်နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် အက်ခ်မက်ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ (ACMDF) ကို ထူထောင်နိုင်ရန် ဆန္ဒပြုကြောင်း။

အက်ခ်မက်နှင့် ပထမအသုတ် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်များအကြား ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၆) ခုကို အတည်ပြု နိုင်ခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ ယင်းပူးတွဲဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်များတွင် ဖော်ပြထားသည့်အတိုင်း မိမိတို့၏ မိတ်ဖက်များနှင့် သီးခြားပူးပေါင်းဆောင် ရွက်မှုနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်ပြီး အလုံးစုံဖွံ့ဖြိုးတိုးတက်ပြီးခံနိုင်ရည်ရှိသည့် အက်ခ်မက်အသိုက်အဝန်းကို တည်ဆောက်ရာတွင် ထပ်လောင်းအားဖြည့်နိုင်မည်ဖြစ်ကြောင်း။

အပြန်အလှန်ချိတ်ဆက်ထားသည့် သယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ်သည် အက်ခ်မက်ဒေသကို ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်အဖြစ် ဖန်တီးရန်ခိုင်မာသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အက်ခ်မက်နိုင်ငံများအကြားအကြား အလပ်မရှိချိတ်ဆက်နိုင်စေရန်အတွက် ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်သင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အခွင့်အလမ်းများ ဖန်တီးနိုင်ရန်နှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများနှင့် ချိတ်ဆက်နိုင်ရန် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံအတွင်းမြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချနိုင်စေရန် စွမ်းအင်ပို့လွှတ်ရေးနှင့် လျှပ်စစ်ဓါတ်အား ပေးဝေရေးကွန်ရက်များကို တိုးမြှင့်ရန်ကြိုးပမ်းဆောင်ရွက်မှုသည် အက်ခ်မက်ဒေသ တစ်ခုလုံးအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း။

ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များအရ ဒေသတွင်းအကြား အလပ်မရှိ ချိတ်ဆက်မှုမြှင့်တင်ရာတွင် ခေတ်မီတိုးတက်သည့် နည်းပညာ၏ အရေးပါမှုကို မိမိအနေဖြင့် အလေးထားပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံမှုရှိသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများနှင့်အညီ အက်ခ်မက်နိုင်ငံများအကြား ငွေကြေးနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအမံများ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် E-Governance ကွန်ရက်များကို အဆင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလိုအပ်ချက်များနှင့် ပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် အက်ခ်မက် ပင်မစီမံချက်သည် ဖြည့်စွက်ထောက်ပံ့မှုတစ်ခုဖြစ်လာနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် အက်ခ်မက်စီးပွားရေးအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံများ၏ ပြည်တွင်းအသားတင် ထုတ်ကုန် (GDP) ငွေကြေးဖောင်းပွမှုနှုန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ အလုပ်အကိုင်ရရှိမှုနှင့် လူမှုဘဝ ဆိုင်ရာအချက်အလက်များအပေါ် လွှမ်းမိုးမှုရှိကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရိုးရှင်း၍ တိကျခိုင်မာစေခြင်းဖြင့် ဒေသတွင်းစီးပွားရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းတို့အပေါ် သိသာထင်ရှားစွာ အကျိုးပြုစေမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် တာဝန်ခံနိုင်မှုရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အမြဲကြိုဆိုလျက်ရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် ဘက်စုံစီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အလျင်အမြန်ဆောင်ရွက်ပေးခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများ အဆင်ပြေချောမွေ့စေရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

ထို့ကြောင့် မိမိအနေဖြင့် အက်ခ်မက်နိုင်ငံများအား ပိုမိုကောင်းမွန်သည် ဒေသတွင်းအဆင့် စီးပွားရေးပေါင်းစည်းမှုများ ဖော်ဆောင်ရေးအတွက် ပေါင်းစည်းအင်အားဖြင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန် တိုက်တွန်းလိုကြောင်း၊ မိမိအနေဖြင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်များကို မြန်မာနိုင်ငံသို့ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဖိတ်ခေါ်လိုကြောင်း၊ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံအပါအဝင် အက်ခ်မက်ဒေသ၏ အစားအစာထုတ်လုပ်ခြင်း အဓိကအရင်းအမြစ်အဖြစ် ရပ်တည်လျက်ရှိပြီး အက်ခ်မက်ဒေသတွင်း လူဦးရေ၏အများစုကို ကိုယ်စားပြုသည့် ကျေးလက်ဒေသ ပြည်သူများအတွက် အဓိကအသက် မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လျှော့ချရေးတို့အတွက် နည်းလမ်းတစ်သွယ်လည်းဖြစ်ကြောင်း။

ထို့ကြောင့် မိမိအနေဖြင့် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများကို မိရိုးဖလာ စိုက်ပျိုးရေးအလေ့အထများအစား ရေရှည်အကျိုးဖြစ်ထွန်းစေသည့် နည်းပညာအခြေပြု အလေ့အထများအဖြစ် အသွင်ကူးပြောင်းပြီး စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်ရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု စွမ်းအားတိုးမြှင့်ရေးတို့ကို ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း၊ အက်ခ်မက်အဖွဲ့ဝင် နိုင်ငံများအကြား စိုက်ပျိုးရေးအလေ့အထကောင်းများ မျှဝေခြင်းကလည်း ရေရှည်အကျိုးဖြစ်ထွန်းစေမည့် စိုက်ပျိုးရေးဖွံဖြိုးတိုးတက်မှုကိုအားပေးပြီး စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ငန်းအဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ထိရောက်သည့် နည်းလမ်းတစ်ခုလည်းဖြစ်ကြောင်း၊ ထို့အတူ အက်ခ်မက် ဒေသတွင်းထုတ်လုပ်မှုမြင့်မားပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် စိုက်ပျိုးရေးစနစ် ဖြစ်ပေါ်စေရေးအတွက် မြေဆီမြေဩဇာတိုးပွားရေးနှင့် မြေဆီလွှာဇီဝနည်းပညာ လေ့လာရေးဆိုင်ရာ ပူးတွဲသုတေသနများကို ဆောင်ရွက်သင့်ကြောင်း။

ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်းတွင် နည်းပညာသည် လူသားတို့၏ စွမ်းအားအပေါ် များစွာလွှမ်းမိုးမှုရှိလာပြီး မိမိတို့အနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် ခေတ်မီနည်းပညာများဖြင့် တီထွင်ဆန်းသစ်သည့် စီးပွားရေးမဟာဗျူဟာများ၏ အရေးပါမှုကို သတိပြုမိခဲ့ကြောင်း၊ မိမိတို့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုစွမ်းအားစုများသည် အဓိကမောင်းနှင်အားတစ်ခုဖြစ်သောကြောင့် မိမိတို့၏ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် အများပိုင်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် မှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုကို ထိရောက်စွာထည့်သွင်း ဆောင်ရွက်သင့်ကြောင်း။

ထို့ကြောင့် မိမိအနေဖြင့် အက်ခ်မက်နိုင်ငံများအတွင်းရှိ ပုဂ္ဂလိက ကဏ္ဍများ၊ အထူးသဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းသစ်များကို အက်ခ်မက်မူဘောင်အောက်ရှိ ခေတ်မီစီးပွားရေးလုပ်ငန်း အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ကြရန် အားပေးလိုကြောင်း၊ မြန်မာနိုင်ငံသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများနှင့် ကြိုးပမ်းလျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်းဝင်ငွေစီးဆင်းမှုကို သိသာစွာထောက်ပံ့ပေးလျက်ရှိပြီး ဆင့်ပွားအကျိုးသက်ရောက်မှုအဖြစ် ခရီးသွားလုပ်ငန်းဒေသများရှိ ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နှင် အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲရှိသည့် ဝေးလံခေါင်ဖျားဒေသများကို ဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်း တစ်ခုလည်းဖြစ်ကြောင်း။

ထို့ကြောင့် မိမိအနေဖြင့် အက်ခ်မက်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ အထူးသဖြင့် ခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်း၊ အက်ခ်မက်ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၅) အဆင့်မြှင့်တင်ခြင်းနှင့် အနာဂတ်အက်ခ်မက် ခရီးသွားလုပ်ငန်းအတွက် ဆီရမ်ရိကြေညာချက်ကို ထုတ်ပြန်ကြေညာခြင်းတို့ကို အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ ပြည်သူအချင်းချင်း ဆက်သွယ်မှုနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ချိတ်ဆက်မှုသည် အေးချမ်းတည်ငြိမ်ပြီး အကျိုးစီးပွားဖြစ်ထွန်းသည့် အက်ခ်မက်ဒေသဖြစ်ပေါ်လာစေရန် အဓိကအချက်တစ်ခုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အခွင့်အလမ်းများကို ယဉ်ကျေးမှု၊ ပညာရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုရေး အစီအစဉ်များမှတစ်ဆင့် ဖော်ထုတ်မြှင့်တင်သွားရန် လိုအပ်ကြောင်း။

မိမိအနေဖြင့် အက်ခ်မက်နိုင်ငံများအား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များမှတစ်ဆင့် လူမှုယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို မြှင့်တင်ရန်နှင့် မိမိတို့သဘောတူညီထားသည့် “ငါးနိုင်ငံ၊ ခရီးစဉ်တစ်ခု” အစီအစဉ်ကို အကောင်အထည်ဖော်ပြီး ငြိမ်းချမ်း၍ အကျိုးစီးပွားဖြစ်ထွန်းသည့် အက်ခ်မက်အဖွဲ့အစည်း တည်ဆောက်ရေးကိုအားပေးကြဖို့ ဆန္ဒပြုလိုကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် အက်ခ်မက်၏ ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ရန် အလှည့်ကျရောက်လာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်အဖွဲ့ဝင် နိုင်ငံများနှင့် အတူတကွ ပေါင်းစည်းအင်အားဖြင့် အက်ခ်မက်ဒေသ ဘက်စုံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ဝမ်းမြောက်ဝမ်းသာစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည်မဲခေါင်ဒေသခွဲအတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထား ဦးစားပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ အက်ခ်မက်မူဘောင်အောက်တွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ၏ ထားရှိခဲ့သည့် ကာလရှည်ကြာချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်း ကောင်းပီသမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးအမြတ် မျှဝေမှုတို့အပေါ်တွင်အခြေခံပြီး တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့က အမှာစကားများပြောကြားကြပြီး နယူးဇီလန်နိုင်ငံကို ဒုတိယအသုတ် အက်ခ်မက် ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံအဖြစ် အတည်ပြုကြေညာ၍ (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး၏ “ဗီယင်ကျန်းကြေညာစာတမ်း” ကို ထုတ်ပြန်ကြေညာကာ အက်ခ်မက်ပင်မစီမံချက်၏ နောက်ဆက်တွဲအဖြစ် “မဲခေါင်ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သဘောတရားစာတမ်း” ကို ထည့်သွင်းသည်။

ယင်းနောက် လာအိုနိုင်ငံ၀န်ကြီးချုပ်က အက်မက်စ် အလှည့်ကျဥက္ကဋ္ဌတာ၀န်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ပြီး အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှည့်ကျဥက္ကဋ္ဌတာ၀န်ယူရခြင်းနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ အက်ခ်မက်ပူးပေါင်း ဆောင်ရွက်မှု၏ ဥက္ကဋ္ဌအသစ်အဖြစ် မိန့်ခွန်းပြောကြားရသည့်အတွက် များစွာဂုဏ်ယူပါကြောင်း၊ လွန်ခဲ့သည့် (၄) နှစ်တာကာလအတွင်း အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း။

လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများအကြား အက်ခ်မက်မူဘောင်အောက်တွင် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘက်စုံချိတ်ဆက်ဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများအောက်တွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော်ခြင်းနှင့် စိန်ခေါ်မှုများ ဖြေရှင်းခြင်းတို့ကို အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအင်အားနှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များမှရရှိသည့် အကျိုးကျေးဇူးများကို အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်ရန်အတွက် ယခင်ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သကဲ့သို့ အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ခြင်းဖြင့်လည်းထိရောက်စွာကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုကို ယခင်ဥက္ကဋ္ဌများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ပြီးပြည့်စုံ၍ ဖွံ့ဖြိုးတိုးတက်သည့် အက်ခ်မက်ဒေသ တစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ရှေ့ဆက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌအသစ်တာဝန်ကို စတင်ထမ်းဆောင်သည့်အခါ မိမိအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ အမြော်အမြင် ကြီးမားမှု၊ ပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ လာမည့် အက်ခ်မက်ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး အဆွေတော်တို့ကို တွေ့ဆုံနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်စောင့်စားလျက်ရှိကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို မဲခေါင်နိုင်ငံများ၏ နယ်စပ်ဒေသများတွင် ယှဉ်ပြိုင်နိုင်စွမ်းကိုတိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရန်၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အခွင့်အလမ်းပိုမိုကောင်းမွန်သည့် ဒေသများသို့ပြောင်းရွှေ့ရာ၌ အထောက်အကူပြုရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်နှင့် အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီတူညီမျှသာယာဝ ပြောရေးတို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေသည့်နည်းလမ်းဖြင့် တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment