Saturday, November 30, 2024

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအားကစားသမားများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘော အားကစားသမားများကို ယနေ့ညနေ ၄ နာရီခွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေးစကားပြောကြားသည်။

ဦးစွာ အားကစားအသင်းတာဝန်ခံ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက ဝန်ကြီးဌာန အမျိုးသားဘော်လီဘောအသင်း ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်မှု၊ အားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်အဆင့်ကျင်းပသည့် အမျိုးသားအားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းတကျ ပြိုင်ပွဲဝင်ကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားအဖြစ် ရွေးချယ်ခံရရေးအတွက် တစ်ဦးချင်းမှအစ၊ အသင်းလိုက်စုဖွဲ့ကြိုးပမ်းကြရန်လိုကြောင်း၊ပွဲမဝင်ခင်အပြင်ကကျင်းပဆိုသည့်အတိုင်း ပြိုင်ပွဲမဝင်မီ လေ့ကျင့်သားပြည့်ဝစေရေးအတွက် စနစ်တကျလေ့ကျင့်ကြရန်နှင့် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်း အလေးဂရုပြုကြရန်လိုကြောင်း၊ အားကစားသမားတိုင်း အောင်စိတ်မွေး၍ ဌာနဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး လေ့ကျင့်ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment