ရန်ကုန် နိုဝင်ဘာ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့်၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာကြီးများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)
“အမျိုးသားစာပေတစ်သက်တာဆုက နိုင်ငံတော်ကအသိအမှတ်ပြုတာပါ။ စာရေးဆရာဆိုတာက ကိုယ်ရေးတဲ့စာကို ဖတ်တဲ့သူရှိရင် ကြည်နူးနေတယ်။ ပီတိဖြစ်နေတယ်။ အဲဒီဖတ်တဲ့သူအတွက် ဘယ်လောက် အကျိုးရှိလဲဆိုတာလေး သိရရင်ပိုပြီးတော့ ပီတိဖြစ်ရပါတယ်။ ကိုယ်ရေးတဲ့စာဖတ်တဲ့သူဆီ အကျိုးသက်ရောက်မှုမရှိတဲ့ စာရေးမိရင်တော့ မကောင်းဘူး။ အခုကတော့ နိုင်ငံတော် အဆင့်ကနေ အသိအမှတ်ပြုတာ ဒီပုဂ္ဂိုလ်တွေရေးတဲ့ စာတွေဟာဆိုရင် နိုင်ငံတော်အတွက် အကျိုးရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို အသိအမှတ်ပြုတာဖြစ်ပါတယ်။ ဆရာတို့က ၁၉၅၂ ခုနှစ် ကစပြီးတော့ စာပေလောကထဲရောက်ခဲ့တာပါ။ တစ်သက်လုံးလုပ်ကိုင်လာတဲ့လုပ်ငန်းတွေ တိုင်းပြည်အတွက်အကျိုးရှိတယ်။ ဒါအသိအမှတ်ပြုတာ ဒီချီးမြှင့် ခြင်းသည် အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ အခုလိုချီးမြှင့်တယ်ဆိုတော့ ပိုပြီးတော့ပီတိဖြစ်တယ်။ ရေးတဲ့စာကို အသိအမှတ်ပြုတာ၊ အကျိုးရှိတယ်ဆိုတာ ကို အသိအမှတ်ပြုတာ ပီတိဖြစ်ရပါတယ်။ စာအုပ်တွေ စာပေတွေဆုရတယ်ဆိုတာ စာရေးဆရာတွေရဲ့ ပီတိကဒါပါပဲ။ အခုဆိုရင်လည်းပဲ အမျိုးသားစာပေတစ်သက် တာဆု၊ ဒါကတော့ဒီအသက်အရွယ်အထိ အသက် ၉၀ အထိ ၁၈ နှစ်သားက ရေးလာ တာ ဒီလိုမျှော်မှန်းချက်နဲ့မှ မဟုတ်ဘဲနဲ့ မျှော်မှန်းချက်လည်းထားလို့မှမရဘဲ၊ ဒီနေ့ဒီရက်မှာဆုရတာ ပီတိဖြစ်ရပါတယ်။ ကျေးဇူးလည်း တင်ရပါတယ်။ ဆုချီးမြှင့်တဲ့ အစိုးရကို ကျေးဇူးတင်ရသလိုပဲ စာဖတ်တဲ့ပရိသတ်က ဒီရေးတဲ့စာဟာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို အစိုးရကမှတ်တမ်းတင်တာ။ လူပုဂ္ဂိုလ် ခင်လို့ပေးတဲ့ပွဲမဟုတ်ဘူး။ ရေးတဲ့စာပေ၊ စာပေနယ်မှာ လှုပ်ရှားလာတဲ့လှုပ်ရှားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်တဲ့အတွက်ကြောင့် စာရေးဆရာလောကမှာ တန်ဖိုးအကြီးဆုံးပါ။ တစ်သက်လုံးကြိုးစားခဲ့သမျှ အသက် ၉၀ မှ အသိအမှတ်ပြုခံရတယ်။ ဒီထက်ကောင်းတဲ့ ပီတိမရှိတော့ပါဘူး” ဟု ပြောသည်။
စာရေးဆရာဦးညွန့်ဆွေသည် အဖ ဦးငွေဆိုင် (စာရေးဆရာငွေစိုး) - အမိ ဒေါ်ဆင့်တို့က စစ်ကိုင်းတိုင်းတွင် ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။
၁၉၅၄ ခုနှစ် မတ်လတွင် တပ်မတော်ဗိုလ်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းကျောင်း နည်းပြမှအစ စစ်ဆင်ရေးတပ်များတွင် ဒုတိယတိုင်းမှူးအဆင့်အထိ အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့သည်။ နယ်ဘက်၊ အရပ်ဘက်တွင်ကုန်သွယ်ရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး၊ ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဆင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် တွင် အငြိမ်းစားယူခဲ့သည်။ ၁၉၅၁-၁၉၅၂ ခုနှစ်တွင် ကိုယ်တွေ့စစ်ရေးမှတ်တမ်း၊ သုတ၊ ရသလုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ စာရေးကျဲခဲ့ပြီး ၁၉၇၇ ခုနှစ်မှ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတိုများပြန်လည်ရေးသားသည်။ “မောင်ဆွေသက်” ဟူသော ကလောင်အမည်နှင့် ဆက်တိုက်ရေးသည်။ ၂၀၀၂ ခုနှစ်တွင် ဒုတိယဝန်ကြီးအဆင့်မှ အငြိမ်း စားယူပြီး စာရေးခြင်းအလုပ်သာ ဆက်တိုက်လုပ်ခဲ့သည်။ လျှပ်တစ်ပြက်၊ ပေါ်ပြူလာ၊ အလင်းတန်းဂျာနယ်တို့တွင် ဆောင်းပါးများဆက်တိုက်ရေးသည်။ ပေါ်ပြူလာဂျာနယ်တိုက်တွင် တိုက်ထိုင် အကြံပေး၊ ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်သော မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း တွင် ဒုတိယဥက္ကဋ္ဌဖြင့် လည်းကောင်း၊ ၂၀၁၉ ခုနှစ်မှ ယနေ့အထိဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ယူလျက်ရှိသည်။ ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ပထမအဆင့်) လူမှုထူးချွန်း(ပထမ အဆင့်)နှင့်ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆုရရှိခဲ့သည်။ ယခုအခါ ရန်ကုန်မြို့တွင် မိသားစုနှင့်အတူနေထိုင်လျက်ရှိသည်။
စာပေပညာရှင်ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်း)
“ကျွန်တော့်အနေနဲ့ ၁၉၇၂ ခုနှစ်မှာ စာပေလောကကို စတင်ရောက်ရှိခဲ့ပါတယ်။ ငွေတာရီမဂ္ဂဇင်းမှာ သမိုင်းဆောင်းပါးပါလာပြီးနောက်ပိုင်း သတင်း စာ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဆက်ရေးဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှာလုံးချင်းစာအုပ်တွေ စတင်ရေးဖြစ်ပါတယ်။ စာရေးဆရာဆိုတာ ပြည်သူတွေကို အသိပညာတိုးပွားလာအောင် လုပ်ဆောင်ဖို့လိုပါတယ်။ မိမိ၏ ကလောင်စွမ်းဖြင့် တိုင်းပြည်နှင့် လူမျိုးအသိဉာဏ်စွမ်းအားမြင့်မားလာအောင် အတွေးအခေါ်မြင့်မားလာအောင်လုပ်ဆောင်ရန် တာဝန်ရှိတယ်လို့ ခံယူပါတယ်။ လူငယ်တွေဟာ နောင်တစ်ချိန်မှာ ခေါင်းဆောင်ဖြစ်လာမယ့် သူတွေဖြစ်လို့ စာများများဖတ်ဖို့လိုပါတယ်။ ခေတ်နဲ့အညီတိုးတက်အောင်၊ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင် စာပေဗဟုသုတ ကြွယ်ဝဖို့လိုတဲ့အတွက် စာများများ ဖတ်စေချင်ပါတယ်။ တစ်သက်တာစာပေဆုရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်။ စာရေးဆရာတွေအနေနဲ့ အလိုချင်အတောင့်ဆုံးဟာ တစ်သက်တာစာပေဆု ဖြစ်ပါတယ်။ မမျှော်လင့်ပဲဆုရရှိကြောင်း သိရလို့များစွာပီတိ ဖြစ်ရပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ပံ့ပိုးကူညီ မှုနဲ့ မြန်မာ့စာပေလောက ဆက်လက်ရှင်သန်တိုးတက်စေဖို့ ဆန္ဒပြုပါတယ်” ဟု ပြောသည်။
ဒေါက်တာကျော်ဝင်းသည် ဦးဟုတ်ဝမ် - ဒေါ်ကြင်မြိုင်တို့မှ ၁၉၄၁ ခုနှစ် ဇွန် ၂ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(အထွေထွေဂုဏ်ထူး)ဘွဲ့၊ (သမိုင်း)မဟာဝိဇ္ဇာ(သမိုင်း) ဘွဲ့များ ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး ဂုဏ်ထူး ဆောင် စာပေပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (သမိုင်း)ဌာနတွင် နည်းပြဆရာအဖြစ် စတင်အမှုထမ်းခဲ့သည်။ ထို့နောက် လက်ထောက်ကထိက၊ ကထိကတွဲဖက်ပါမောက္ခအဖြစ် အဆင့်ဆင့်ထမ်းဆောင်ခဲ့ သည်။ ၁၉၉၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပါမောက္ခဌာနမှူးဖြစ်လာပြီး ၂၀၀၆ ခုနှစ် တွင် အငြိမ်းစားယူခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ယနေ့ထက်တိုင် မောင်ကျော်ဝင်း (မဟာ ဝိဇ္ဇာ)၊ ဒေါက်တာကျော်ဝင်း (ရန်ကုန် တက္ကသိုလ်) သမိုင်းပါမောက္ခဒေါက်တာ ကျော်ဝင်း(ငြိမ်း) ကလောင်အမည်ဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ သမိုင်းဆောင်းပါး များကို ရေးသားခဲ့သည်။ လုံးချင်းစာအုပ် များအဖြစ် တိုင်းရင်းသားလူမျိုးအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ ၊ နိုင်ငံရေးအတွေး အခေါ်သမိုင်း၊ နိုင်ငံရေးသိပ္ပံ၏ အခြေခံသဘောတရားများ၊ ညောင်ရမ်း မင်းသား၏ နောက်ဆုံးနေ့ရက်များနှင့်အခြေခံစာတမ်းများ၊ အမျိုးသားရေးဝါဒနှင့် လူမျိုးစုပဋိပက္ခ၊ ကံ့ကော်မြေမှ ရာပြည့်တက္ကသိုလ်နှင့် အခြားစာအုပ်ပေါင်း ၂၀ ကျော်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးအတွေး အခေါ်သမိုင်းစာအုပ်ဖြင့် အမျိုးသား စာပေဆု(နိုင်ငံရေးစာပေ) ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ညောင်ရမ်းမင်းသား၏နောက်ဆုံးနေ့ရက်များနှင့် အခြားစာတမ်း များစာအုပ်ဖြင့်ထွန်းဖောင်ဒေးရှင်းစာပေဆု(၂၀၁၆) (သုတပဒေသာဘာသာရပ်)ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ခြင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေ) ရရှိခဲ့သည်။ ၂၀၁၇တွင် ကံ့ကော်မြေမှ ရာပြည့်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်သမိုင်း ၁၉၂၀-၂၀၂၀ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု၊ (၂၀၁၈) (စာပေပဒေသာ ဘာသာရပ်)ရရှိ ခဲ့သည်။ သုတေသနစာတမ်းများကို ပြည်တွင်း၌လည်းကောင်း၊ ပြည်ပနိုင်ငံများ တွင်လည်းကောင်း ဖတ်ကြားခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်းဆု (ပထမ)အဆင့်ရရှိခဲ့သည်။၂၀၂၀ ပြည့်နှစ် တွင် သိပ္ပကျော်စွာဘွဲ့ရရှိခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့ လှိုင်သာယာတွင် နေထိုင်လျက်ရှိပြီး ပညာရေး၊ ကျန်းမာရေးနှင့် စာပေအလုပ်တို့ကို လုပ်ကိုင်လျက်ရှိသည်။
အာကာလင်း၊ ဓာတ်ပုံ-တင်စိုး
No comments:
Post a Comment