တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်နှင့်တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့တွင် ရိုးရာဆေးပညာ ကုထုံးများ၊ တိုင်းရင်းဆေးဝါးများရှိကြပြီး ခေတ်မီဆေးဝါးများနှင့် ဆေးကုသမှုအတတ်ပညာများ မပေါ်ပေါက်သေးမီ ခေတ်ကာလများတွင် ရိုးရာတိုင်းရင်းဆေးများဖြင့်သာ ကျန်းမာရေးကို စောင့်ရှောက်ခဲ့ကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မိမိတို့၏ ရေမြေသဘာဝတောတောင်များမှရရှိသည့် ဆေးဖက်ဝင် ပစ္စည်းများနှင့် ကုသသော တိုင်းရင်းဆေးဝါးများနှင့် ဆေးကုထုံးများမှာ နှစ်ပေါင်းထောင်ချီကာလကပင်ရှိခဲ့သည်။ မြန်မာတို့၏ ကိုယ်ပိုင်ဆေးဝါးများနှင့် ကုထုံးများတွင် အနီးဝန်းကျင်နိုင်ငံများမှ ဆေးဝါးနှင့် ကုသမှုအတတ်ပညာများလည်း ပေါင်းစည်း ပါဝင်လာခဲ့ရာ အထူးသဖြင့် အိန္ဒိယဆေးကျမ်းများလည်း ပါဝင်ခဲ့သည်။ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ ဝိဇ္ဇာဓရနယ၊ နက္ခတ္တနယ ဟူသော အခြေခံနယကြီးလေးပါးတို့ မြန်မာတိုင်းရင်းဆေး ပညာတွင်ပါဝင်လျက်ရှိပြီး အနောက်တိုင်းဆေးဝါးနှင့် ဆေးပညာ မရောက်လာမီ ကာလတစ်လျှောက်လုံးတွင် တိုင်းရင်းဆေးဝါး၊ တိုင်းရင်းဆေးပညာဖြင့်သာ ကျန်းမာရေးစောင့်ရှောက်မှုပြုခဲ့ ကြရခြင်းဖြစ်သည်။
မျက်မှောက်ကာလ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးအဆင့်အတန်းမှာ ဒေသတွင်းနိုင်ငံများနှင့် တန်းတူရည်တူဖြစ်စေရန် မြှင့်တင်မှုများစွာ ပြုလုပ်ပေးရန် လိုအပ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်းမှာ (၆၇ ဒသမ ၄၂) နှစ်ခန့်သာရှိပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေသကဲ့သို့ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာကဲ့သို့သော မကူးစက်တတ်သည့် ရောဂါဖြစ်ပွားမှုနှင့် ၎င်းရောဂါများ ကြောင့် သေဆုံးမှုနှုန်းတို့မှာ မြင့်မားလျက်ရှိသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် “တစ်မျိုး သားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်တစ်ရပ်လည်း အပါအဝင်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားတို့၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေရေးနှင့် လူတိုင်းလက်လှမ်းမီပြီး အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားလုံးရရှိစေ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တိုင်းရင်းဆေးသမားတော်များနှင့် လုပ်ငန်းရှင်များကလည်း တိုင်းရင်းဆေးကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ကြရမည်ဖြစ်သည်။
“ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍများတွင် အတူပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဝါးများ အရည် အသွေးပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာသို့ ထိုးဖောက်နိုင်မည့် မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများ ပေါ်ထွန်းလာစေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ကုထုံးများ၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအစဉ်အလာကြီးမား သည့် ဆေးကျမ်းများနှင့် အာနိသင်ထက်မြက်သည့် ဆေးဝါးများ စသည့် မြန်မာ့တိုင်းရင်းဆေးပညာရပ်များ၏ အနှစ်သာရ၊ အဆီအနှစ်များကိုစုစည်းပြီး အမျိုးသားအမွေအနှစ် ဆေးပညာ ရပ်တစ်ရပ်အဖြစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဤညီလာခံကြီးမှ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြရမည်ဖြစ်ကြောင်း” (၂၃) ကြိမ် မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၏ မှာကြားချက်နှင့်အညီ မကြာမီကျင်းပမည့် ညီလာခံကြီးမှ တိုင်းရင်းဆေးပညာ တိုးတက်မြင့်မားရေးအတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက် ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment