နေပြည်တော် နိုဝင်ဘာ ၂၂
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ် မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက “Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
မွန်းလွဲပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော် လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan၊ ဘရူနိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulai-man တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
လက်ဆောင်ပစ္စည်းပေးအပ်
တွေ့ဆုံဆွေးနွေးပွဲများအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီးတို့သည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido နှင့် ဇနီးတို့တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြပြီး ညစာ သုံးဆောင်ပြီးချိန်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များသည် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment