အာဆီယံ-ဟဲနန် စားရေရိက္ခာနှင့် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲ (ASEAN-Henan Cooperation Conference on Food and Agriculture) သို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တတိယအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးနှင့် တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံအစည်းအဝေးများသို့ တက်ရောက်ခဲ့သော ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟဲနန်ပြည်နယ် ကျန်းကျိုးမြို့၌ကျင်းပသည့် အာဆီယံ- ဟဲနန်စားရေရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲ(ASEAN-Henan Cooperation Conference on Food and Agriculture) သို့ တက်ရောက်ခဲ့ကြပြီး အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအကြား လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပိုးလမ်းမစီမံကိန်းအရကျင်းပသည့် အပြည်ပြည်ဆိုင်ရာ တတိယအကြိမ်မြောက် လယ်ယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ကြသည်။
အလားတူ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးနှင့် တရုတ်-မြန်မာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မဲခေါင် - လန်ချန်းအထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ မြန်မာနိုင်ငံမှလယ်ယာသားငါးထွက်ကုန်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment