Tuesday, November 5, 2024

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ထမ်းများနှင့်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားနည်းများအလိုက် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပါဝင်နွှဲပျော် ဂုဏ်ယူဖွယ်ရာ အမျိုးသားအားကစားပွဲတော်နှင့် ယှဉ်ပြိုင်နွှဲပျော် အမျိုးသားအားကစားပွဲတော် ဗီဒီယိုမှတ်တမ်းတို့ကို ပြသသည်။

စည်းလုံးညီညွတ်မှုရှိစေရန်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုနှစ်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားသမားများစွာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားနည်း ၆ မျိုးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း၊ အခမ်းအနားဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကို နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပမည် ဖြစ်သကဲ့သို့ အားကစားသမားများ၏ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်မှုကလည်း အနှစ်သာရရှိပြီး အရေးကြီးကြောင်း၊ အမျိုးသားအားကစား ပွဲတော်သည် ကျန်းမာရေး၊ နိုင်ငံရေး၊ နိုင်ငံ့အရေး စသဖြင့်ဆက်စပ်နေကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှု ရှိစေရန်နှင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်လည်း ကျင်းပခြင်းဖြစ်ကြောင်း။

အားကစားအရည်အသွေးပြသ

အားကစားသမားများအနေဖြင့် ကိုယ်စွမ်းကိုယ်စရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ၊ ညီညီညွတ်ညွတ်၊ စိတ်ဓာတ်ကောင်းကောင်းဖြင့် ရေဆုံးမြေဆုံးအထိ ပါဝင်ယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ စိတ်ဓာတ်ကောင်းကောင်း၊ ထက်မြက်ကြံ့ခိုင်သွက်လက်စွာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်တို့ဖြင့် အနိုင်/ အရှုံးထက် စည်းကမ်းတကျ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ သည်းခံမှုတို့ဖြင့် အားကစားအရည် အသွေးကိုပြသရန်၊ စံချိန်များ အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် ကြိုးစား ကြစေလိုကြောင်း၊ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းထက် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိတို့ဝန်ကြီးဌာန၊ မိမိတို့ နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သည့်အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

အားပေးစကားပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက အားကစားနည်းများအလိုက် ခင်းကျင်းပြသထားသည့် အားကစားဝတ်စုံများ၊ လေ့ကျင့်ရေးသုံးပစ္စည်းများ၊ တစ်ပတ်စာ အစားအစာများ၊ ဆေးပစ္စည်းများနှင့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးကာ ပြိုင်ပွဲဝင်အားကစားသမားများအား လိုအပ်သည်များမှာကြားပြီး အားပေးစကား ပြောကြားသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဂေါက်သီးရိုက် (အလွတ် တန်း)၊ ပိုက်ကျော်ခြင်း(ကျား)၊ ဘောလုံး (ကျား)၊ ပြေးခုန်ပစ် (ကျား၊မ)၊ ဘော်လီ ဘော (ကျား)၊နှင့် ဖူဆယ် (ဘောလုံး)(ကျား)တို့တွင် အုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၁၁၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ် 


No comments:

Post a Comment