နေပြည်တော် နိုဝင်ဘာ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပဲခူးမြို့ရပ်ကွက်ကြီး(၂)ရှိ ပုဂ္ဂလိက ပုစွန်ချဉ်၊ ငါးချဉ်နှင့် ငါးပိထောင်းစားသောက်ကုန် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အစားအစာဘေးကင်းလုံခြုံရေး၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ စံသတ်မှတ်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပဲခူးမြို့ ဘိုကုန်း ရပ်ကွက်ရှိ ပုဂ္ဂလိကနို့စားနွား မွေးမြူရေးခြံ၏ နို့စားနွားများ မွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု၊ ပဲခူးမြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးသားဖောက်စခန်းတွင် ငါးရံ့၊ ငါးကျည်း၊ ငါးဖန်းမနှင့် ငါးပြေမစသည့် တိုင်းရင်းငါးမျိုးများ ဆေးထိုးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ သင်တန်းခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက်တင်ပြကြရာ ဒုတိယဝန်ကြီးက စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်ရမည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို အသေးစိတ်ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ပုဂ္ဂလိက ငါးပိ၊ ငံပြာရည်ထုတ်လုပ်ရေးလုပ်ငန်း၏ ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုဆိုင်ရာ စံသတ်မှတ်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment