Monday, November 25, 2024

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကြည့်ရှုလေ့လာပြီး စာဆိုဗိမာန်အဆောက်အဦတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

 


ရန်ကုန် နိုဝင်ဘာ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကြည့်ရှုလေ့လာပြီး စာဆိုဗိမာန်အဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ရန်ကုန်မြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိနိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့‌နောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှိ Seminar Hall နှင့် မျက်စိခွဲစိတ်ခန်းတို့ကို ကြည့်ရှုလေ့လာပြီး သီတဂူမျက်စိဆေးရုံတွင် လာရောက်ကုသကြသည့် မျက်စိဝေဒနာရှင်များကို ကြည့်ရှုအားပေးသည်။

ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်အဆောက်အဦတည်ဆောက်မှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ Myanmar Land & Development Ltd; မှ စီမံကိန်းဒါရိုက်တာက စာဆိုဗိမာန်အဆောက်အဦတည်ဆောက်မှုပုံစံ၊ မြေတူးလုပ်ငန်း၊ မြေနေရာရှင်းလင်းမှုနှင့် လုပ်ငန်း‌ဆောင်ရွက်ထားရှိမှုမှတ်တမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်အဆောက်အဦသည် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၏ အမျိုးသားယဉ်ကျေးမှုနှင့် စာပေကဏ္ဍတွင် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် စာဆိုဗိမာန်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်ခဲ့ပြီး လမ်းညွှန်မှုများနှင့်အညီ အရည်အသွေးကောင်းကောင်းဖြင့် တည်ဆောက်သွားရန် အလေးထားတိုက်တွန်းလိုကြောင်း မှာကြားသည်။

ထို့နောက် စာဆိုဗိမာန်အဆောက်အဦ၏ 3D နမူနာပုံစံကို ကြည့်ရှုလေ့လာပြီး လုပ်ငန်းခွင်အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

စာဆိုဗိမာန် အဆောက်အဦကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ မြေကွက်အမှတ်(၂၉) မြေတိုင်းရပ်ကွက် (၁၈-အေ) မြေဧက ၂ ဒသမ ၁၈ ဧကပေါ်တွင် နှစ်နှစ်စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိပြီး အဆောက်အဦအကျယ်အဝန်းမှာ အလျား ပေ ၁၆ဝ x အနံ ပေ ၁၄၀x အမြင့် ၅၇ ပေ ၈ လက်မ သုံးထပ်(RC) အဆောက်အဦဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment