ဦးစောကျော်ညွန့်
တွေ့ဆုံမေးမြန်း-ခိုင်သန္တာရွှေ
ဓာတ်ပုံ-အလင်းသစ်
မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် ညီနောင်သားချင်း တိုင်းရင်းသားများ ပေါင်းစုနေထိုင်သည့်နိုင်ငံဖြစ်သလို မြန်မာ့ရိုးရာယဉ်ကျေးမှုသည်လည်း သမိုင်းအစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့်အတွက် မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟူ၍ ဝင့်ကြွားစွာနှင့် ဂုဏ်သိက္ခာရှိစွာရပ်တည် နိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းရန် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယခုငွေရတုအထိမ်းအမှတ်အဖြစ် ကျင်းပနေသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည်လည်း ခြောက်ရက်မြောက်နေ့တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့တွင် ပြိုင်ပွဲအသီးသီး၌ တာဝန်ယူရသူများနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-
ဦးစောကျော်ညွန့်
တိုင်းရင်းသားရိုးရာတူရိယာ
တေးဂီတပြိုင်ပွဲဝင်
ကရင်ပြည်နယ်ကိုယ်စားပြု
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ ကရင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ တိုင်းရင်းသားအကကို မြူးကြွလှပတဲ့ ကရင်ရိုးရာဒုံးယိမ်းအကဖြင့် ဖျော်ဖြေဖို့ ပြင်ဆင်ခဲ့ပါတယ်။ တီးဝိုင်းအဖွဲ့နဲ့ နောက်ထိုင်အဆို အပါအဝင် စုစုပေါင်း ၂၆ ဦး ပါဝင်ပါတယ်။ ဒီအကအတွက် ရက်ပေါင်း ၄၅ ရက်ခန့် စခန်းသွင်းလေ့ကျင့်ခဲ့ပါတယ်။
ဒီနှစ်မှာ ငွေရတုအထိမ်း အမှတ်ပါဝင်တဲ့ တိုင်းရင်းသားတူရိယာဂီတပြိုင်ပွဲအတွက် ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ တူရိယာများဖြစ်တဲ့ ကရင် ဗျပ်စောင်း၊ နှဲ၊ ပီပါ၊ ပလွေ၊ လင်းကွင်း၊ ဗုံ၊ ဖားစည်၊ ကျွဲချိုတို့နဲ့အချိုးကျ ပါဝင်တီးခတ်ဖျော်ဖြေသွားတာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် စုစုပေါင်း ၁၇ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ တာဖြစ်ပါတယ်။ ဒီအစီအစဉ်က ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသားတို့ရဲ့ ဂီတတူရိယာကို ပေါင်းစပ်စုစည်းဖော်ဆောင်ခြင်းအားဖြင့် ပြည်ထောင်စု တေးသံသာကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မနက်ဖြန်မှာဆိုရင် ချင်းတိုင်းရင်းသားရိုးရာအကကို စုစုပေါင်း ၁၆ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အခြား တိုင်းရင်းသားရိုးရာအကကို ယှဉ်ပြိုင်ရတဲ့အခါ တိုင်းရင်းသား အားလုံးသွေးစည်းချစ်ကြည် ရင်းနှီးမှုနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုဖော်ဆောင်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်။
မောင်မြတ်ဉာဏတိုး
ပတ္တလားအတီးပြိုင်ပွဲဝင်
အခြေခံပညာ(အသက် ၁၀-၁၅ နှစ်)
ရှမ်းပြည်နယ်ကိုယ်စားပြု
ဒီနေ့ ပတ္တလားအတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် သီချင်းသုံးပုဒ် လေ့ကျင့်ရပါတယ်။ အခုပြိုင်ပွဲဝင်ခဲ့တာကတော့ မင်္ဂလာသီရိနဲ့ဖြစ်ပါတယ်။ လေ့ကျင့်ခဲ့ရတဲ့ သီချင်းသုံးပုဒ်ကတော့ ဟေမာန်ပွေဟန်၊ သီလာ မြေယံ၊ မင်္ဂလာသီရိ စတဲ့သီချင်း တွေဖြစ်ပါတယ်။ အခုမဲနှိုက် ရွေးချယ်တဲ့အချိန်မှာ ယှဉ်ပြိုင်ရတဲ့ မင်္ဂလာသီရိသီချင်းကို အတော်လေး ပိုင်ပိုင်နိုင်နိုင်ရှိခဲ့ပါတယ်။ မနှစ်ကတော့ ပတ္တလားပဲ ယှဉ်ပြိုင် ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ကျတော့ ပတ္တလားပြိုင်ပွဲအပြင် ဆိုင်းတစ်ဦး ချင်းပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ပါတယ်။ အတီးပြိုင်ပွဲမှာဆိုရင် ဆိုင်းနဲ့ ပတ္တလားဝင်ပြိုင်ခဲ့ပေမယ့် ဆိုင်းကို ပိုပြီးဝါသနာပါတယ်။ အခုပတ္တလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြိုင်ပွဲမစတင်မီ နှစ်လလောက်ကတည်းကနေ့စဉ် လေ့ကျင့်ခဲ့ရပါတယ်။ ကျောင်းတွေမှာလည်း ပတ္တလားနဲ့ ဆိုင်းကို ဦးစားပေးအနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ အပြင်မှာတော့ တစ်ခါနှစ်ခါလောက်ပဲ တီးဖူးတာပါ။ သားအနေနဲ့ အသက်ကြီးလာရင် ဆိုင်းဆရာလုပ်မယ်လို့ ရည်ရွယ်ထားပါတယ်။ အခုလိုပြိုင်ပွဲကြီးကျင်းပပေးသူတွေရော၊ ပြိုင်ပွဲဝင်နိုင်အောင် သင်ကြားပြသပေးတဲ့ ဆရာဆရာမတွေကိုရော ကျေးဇူးတင်ပါတယ်။
မမြတ်ရွှေအိမ်
ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင်
အခြေခံပညာ(အသက် ၁၀-၁၅ နှစ်)
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
အခုယှဉ်ပြိုင်ရတာကတော့ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဖြစ်ပြီး သီချင်းအမည်ကတော့ ဘုံဆောင်မြင့်(ကြိုး)သီချင်းပဲ ဖြစ်ပါတယ်။ ပြဋ္ဌာန်းသီချင်းသုံးပုဒ်ကို လေ့လာ ခဲ့ရပါတယ်။ အရင်နှစ်တွေက မပြိုင်ဖူးပါဘူး။ ဒီနှစ်မှ ပထမဆုံးဝင်ပြိုင်ဖြစ်တာပါ။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတော့ မရှိပါဘူး။ ကိုယ်လုပ်နိုင်ရမယ်ဆိုတဲ့စိတ်ပဲရှိတာပါ။ ဘိုးဘွားအစဉ်အဆက် ဆိုင်းမျိုးရိုးတွေ ဖြစ်ပါတယ်။ သမီးရဲ့လက်ဦးဆရာကတော့ ရွှေတံဆိပ်ဆုရှင် ဆရာ ရွှေပြည်ရန်နိုင်ပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုဝင်ပြိုင်ဖို့ကျောင်း တစ်ဖက်၊ ဆို၊ က၊ ရေး၊ တီး တစ်ဖက်နဲ့ဆိုတော့ ကျောင်းက ပြန်လာရင် သီချင်းတွေလေ့ကျင့်ရ တာဖြစ်ပါတယ်။ ဆိုင်းပညာရပ်ကို လေ့လာဖြစ်တာကတော့ ကိုဗစ်ကာလမှာ စပြီးလေ့လာဖြစ်ခဲ့ပါတယ်။ အသက်အရွယ်အရ ပြောရရင်တော့ ကိုးနှစ်အရွယ် ကတည်းကပါ။ ငွေရတုအထိမ်း အမှတ်ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ရတာတွေတော့ အများကြီးရှိခဲ့ပါတယ်။ ဆိုင်းပညာကို အများကြီးခုံမင်နှစ်သက်ခဲ့ပါတယ်။ ဆိုင်းပညာဟာ အဖေ၊ အမေ ဘိုးဘွားအစဉ်အဆက်တွေရဲ့ အမွေကို ဆက်ခံခွင့်ရတာ ဖြစ်သလို သမီးကိုယ်တိုင်ကလည်း ဝါသနာပါလို့ ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ သမီးကြီးလာရင်လည်း ဆိုင်းပညာကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ စိတ်ကူးထားပါတယ်။ သမီးကို သင်ကြားပြသပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အပါအဝင် သမီးရဲ့ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ် တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့ပြောချင် ပါတယ်။
ဦးစွယ်စုံဝင်း
ကွက်စိပ်နည်းပြနှင့် အုပ်ချုပ်သူ
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု
ကွက်စိပ်ကို ဝါသနာရှင်(ပထမ တန်း)ရော၊ ဝါသနာရှင်(ဒုတိယ တန်း)ရော တာဝန်ယူရတာ ဖြစ်ပါတယ်။ မနှစ်ကဆိုရင် ဇာတ်ညွှန်းရော၊ ပြိုင်ပွဲဝင်ရော၊ ပံ့ပိုးဆိုင်းရော ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်လည်း ဇာတ်ညွှန်းကို ကြိုးစားပြီးရေးထားပါတယ်။ အခုယှဉ်ပြိုင်ခဲ့တဲ့ ဝါသနာရှင်(ပထမတန်း)ပြိုင်ပွဲက မဟာသုတသောမဇာတ်တော် ဖြစ်ပါတယ်။ ဇာတ်ထုပ်ကြီးဖြစ်တဲ့ အတွက်လည်း ခဲရာခဲဆစ်ရေးရ တယ်။ ကွက်စိပ်ပညာက သဘင် အတတ်ပညာကို တော်တော်လေး ကျွမ်းကျင်မှ ဇာတ်ညွှန်းတစ်ခု ရေးလို့ရတာ။ ကွက်စိပ်ဆိုတာက သဘင်နဲ့ နွှယ်နေတာလည်းဖြစ်ပါတယ်။ သဘင်နဲ့ပတ်သက်ပြီး မသိရင် ဘယ်နေရာမှာ လေပြေထိုးမယ်၊ ဘယ်နေရာမှာ နရီချမယ်မသိရင် ဇာတ်ထုပ်က ရေးလို့မရဘူး။ ဟိုတုန်းက အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်နဲ့လည်း ကလာခဲ့တာပါ။ အရင်ကတော့ ကိုယ်တိုင်ဝင်ပြိုင်ခဲ့တာပါ။ ၂၀၁၃ ခုနှစ် တုန်းကဆိုရင် ဆဒ္ဒန်ဆင်မင်း ဇာတ်တော်နဲ့ ရွှေတံဆိပ်ရရှိခဲ့ဖူးပါ တယ်။ နောက်ပိုင်းတော့ တပည့်တွေကိုပဲ သင်ပေးဖြစ်တော့တယ်။ အခုတပည့်တွေထဲမှာ ပြည့်ဖြိုးဦးက ဒီနှစ် ဝါသနာရှင်(ပထမတန်း)၊ မနှစ်က ဝါသနာရှင်(ဒုတိယတန်း)မှာ ရွှေတံဆိပ်ရခဲ့တယ်။ ဒီနှစ်လည်း ရွှေတံဆိပ်ရဖို့ မှန်းထားပါတယ်။ ကွက်စိပ်ပညာရဲ့ ခက်ခဲနက်နဲမှု အပိုင်းကတော့ တစ်ယောက်တည်းနဲ့ ဇာတ်ထဲမှာပါတဲ့ သရုပ်ဆောင်အားလုံးကို တစ်ယောက်တည်း သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်တတ်ရင် သရုပ်ဆောင်တာမဟုတ်ဘဲ စကားပြောသလို ဖြစ်သွားတတ်တယ်။ ၁၉၇၄၊ ၁၉၇၅ ခုနှစ် ကတည်းက ဒီပညာတွေကို လေ့လာဖြစ်ခဲ့ တာပါ။ လူရွှင်တော်၊ ပြက်လုံး၊ မင်းသားငိုချင်း၊ မင်းသမီးငိုချင်း အကုန်ရေးတတ်တယ်။ ဒါကလည်း တက္ကသိုလ်မှာကတည်းက ဆရာတွေရဲ့ သင်ကြားပေးမှုကြောင့်လည်း ဖြစ်ပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွေ ကျင်းပပေးတာ အလွန်ဝမ်းသာတယ်။ ဇာတ်ထုပ်တစ်ခုလာပြီဆိုရင် ငါတို့ဘယ်လို ပြန်ရေးမလဲဆိုတာကအစ ပညာ ရပ်တွေ ပြန်ပေါ်လာတယ်။ ပေါ်လာတဲ့အပြင် တပည့်တွေကို လည်း လက်ဆင့်ကမ်းအမွေအဖြစ် ပြန်သင်ပေးဖြစ်တယ်။ သင်ပေးရင်းနဲ့ မြန်မာတို့ရဲ့ သဘင်အတတ် ပညာကိုလည်း သူတို့တဖြည်းဖြည်းနဲ့ နားလည်လာမယ်။ လေယူ လေသိမ်း၊ ငိုတာကအစပေါ့၊ ငိုတဲ့ နေရာမှာလည်း အမလေးက ထည့်ချင်တိုင်း ထည့်လို့မရဘူး။ သူ့နေရာနဲ့သူ ထည့်ရတာ။ အမလေးမှာလည်းပတ်သံနဲ့ ကိုက်အောင်ထည့်ရတာ။ အဲဒီလိုမဟုတ်ရင် ငိုချင်းမမှန်ဘူး။ ဒီကွက် စိပ်ပညာနဲ့ ပတ်သက်လို့ကတော့ ချက်ချင်းမတတ်ဘူး။ အတော်လေး လေ့လာရတယ်။
ဦးစိုးမိုးအောင်
အရေးပြိုင်ပွဲဝင်
ဝါသနာရှင်(ဒုတိယတန်း)
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု
ဒီနေ့ယှဉ်ပြိုင်ခဲ့ရတာကတော့ ဂီတနှင့် ပြည်အလှဆင်မည်ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဂီတကပျူခေတ်ကနေပြီးတော့ တိုင်းပြည်အတွက် နှစ်ပြည်ထောင်ချစ်ကြည် ရေးတွေမှာ တစ်ထောင့်တစ်နေရာကနေ အလှဆင်ခဲ့တယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည် အပါအဝင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းပါစေ။ ငြိမ်းချမ်းမှလည်း ဂီတကဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ကမ္ဘာကြီးမှာ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ရည်ရွယ်ချက်တွေနဲ့ အခုပြိုင်ပွဲဝင်သီချင်းကို ရေးခဲ့ပါတယ်။ အရေးပြိုင်ပွဲနဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့တာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်ထိ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး အခုနှစ်နဲ့ဆို နေပြည်တော်မှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ နှစ်ကြိမ် ရှိသွားပါပြီ။ သီချင်းရေးပြိုင်ပွဲမှာ ၁၉၉၃ ခုနှစ်က ရွှေတံဆိပ်ရခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ငွေတံဆိပ်ဆုရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ရွှေတံဆိပ်ရခဲ့ပြီး မနှစ်ကတော့ နှစ်သိမ့်ဆုပဲရခဲ့တာဖြစ်ပါတယ်။ သီချင်းရေးပြိုင်ပွဲဝင်ဖို့အတွက် ဆိုရင်တော့ စာများများဖတ်ဖို့ လိုပါတယ်။ ရှေးပညာရှင်တွေရဲ့ တေးသွားယူဆပုံတွေလေ့လာရမယ်။ တေးရေးဆရာကောင်း တစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင်တော့ တူရိယာတစ်မျိုး တတ်မြောက်ဖို့တော့လိုပါတယ်။ တူရိယာတတ်မြောက်မှ ကိုယ်ရှာတဲ့အသံက စိတ်ကြိုက်ဖြစ်မှာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကို နှစ်တိုင်း ကျင်းပသင့်ပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး တွေ ကျင်းပပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲကြီးတွေ ကျင်းပပေးတဲ့အတွက် အကုန်အကျတွေ များတယ်ဆိုပေမယ့် ရိုးရာအမွေ အနှစ်တွေကို ထိန်းသိမ်းတာ ဖြစ်တဲ့အတွက် တန်ဖိုးဖြတ်လို့မရ ပါဘူး။ ဒီပွဲတော်ကြီး အောင်မြင်စွာ ကျင်းပတာကိုလည်း အများကြီး ဝမ်းသာပါတယ်။ နှစ်စဉ်မပြတ် ကျင်းပပေးပြီး မျိုးဆက်သစ်တွေ ပေါ်ထွန်းလာအောင် ဆက်လက်ပြီး လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။
No comments:
Post a Comment