နေပြည်တော် အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ချက်များအရ ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ အောက်တိုဘာလ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ကျေးရွာအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ နေထိုင်လျက်ရှိသည်ဆိုသည့် နေအိမ်များအား သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် စီပါကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း ထပ်မံသိရှိရသဖြင့် လိုအပ်သည့်နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခေတ္တတိမ်းရှောင်ဆုတ်ခွာထွက်ပြေးသွားသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ စီပါကျေးရွာမှထွက်ခွာသွားပြီးနောက် အောက်တိုဘာလ ၁၈ ရက်တွင် စီပါကျေးရွာသို့ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း နေထိုင်လျက်ရှိသောပြည်သူများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရပ်သားပြည်သူ ၆ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပေးသည်ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအား ၎င်းတို့နေအိမ်ခြံစည်းရိုးများ၊ နေအိမ်အတွင်း မြေကွက်လပ်များတွင်ထားရှိကာ နောက်အခါတွင် စစ်ကြောင်းများကို သတင်းပေးပို့သူများအား ထိုကဲ့သို့အပြစ်ပေး၊ အရေးယူကာ သေဒဏ်အဖြစ် သတ်မှတ်ခြင်းခံရမည်ဟု ခြိမ်းခြောက်ပြောကြားကာ ကျေးရွာမှပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ PDF အမည်ခံအကြမ်းဖက်သမားများက ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များကလုပ်ဆောင်ခဲ့သည်ဟု ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ ယခုကဲ့သို့မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment