ကိုရေချမ်း
အမြော်အမြင်ကြီးမားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက အယူဝါဒမတူညီသည်ဖြစ်စေ အချင်းချင်း ငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ ပြဿနာတစ်စုံတစ်ခုကြုံလာရင် ပွင့်လင်းစွာ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြေလည်မှုကို ရနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်သတ်အမြင်၊ အတ္တအစွဲတွေနဲ့ ဖြေရှင်းနေတာတွေကြောင့် အကျယ်အကျယ် မငြိမ်းနိုင်ဖွယ် မီးတောက်တွေသဖွယ် လောင်ကျွမ်းနေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကြောင့် အပြစ်မဲ့ပြည်သူတွေ မြေစာပင်သဖွယ် ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ကြတာတွေကို စိတ်မကောင်းဖွယ် ကြားသိနေရပါတယ်။
မြန်မာနိုင်ငံမှာ
အကြမ်းဖက်လမ်းစဉ်ကို ကိုင်စွဲကျင့်သုံးခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခမျိုးစုံကြုံတွေ့နေကြပါတယ်။
အကြမ်းမဖက်ရေးနဲ့ပတ်သက်လို့ “အကြမ်းမဖက်ရေးသဘော တရားသည် လူ့လောက၌ အသုံးချနိုင်သောအင်အားတို့တွင်
အကြီးဆုံးအင်အားဖြစ်သည်။ အကြမ်း မဖက်ရေးသဘောတရားကို ယုံကြည်ကျင့်သုံးသူသည် အမြင့်ဆုံးသောစွန့််လွှတ်မှုကို
ပြုလုပ်နိုင်သည်။ မိမိအားချစ်ခင်သူကို ပြန်ချစ်ခင်ခြင်းသည် အကြမ်းမဖက်ရေးသဘောမဟုတ်ပါ။
မိမိအားမုန်းသူကို ချစ်ခင်နိုင်မှ အကြမ်းမဖက်ရေးသဘောဖြစ်သည်။ အကြမ်းမဖက်ရေး၏ အဓိပ္ပာယ်မှာ
အမှန်တရားကို အခိုင်အမာဖော်ပြခြင်းဖြစ်သည်။ ထိုသို့ဖော်ပြရာတွင် မိမိနှင့် သဘောထားမတိုက်ဆိုင်သူ
(ရန်သူ) ကို ဒုက္ခပေးခြင်းဖြင့် မဖော်ပြရ၊ မိမိကိုယ်မိမိ အနစ်နာခံခြင်းဖြင့် ဖော်ပြရမည်”လို့
ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ပတ်သက်တဲ့
အဓိပ္ပာယ်ဖွင့်ဆိုပြောကြား ခဲ့တာကို မှတ်သားမိပါတယ်။
ဥပဒေနဲ့အညီဖြေရှင်း
ယနေ့မြန်မာနိုင်ငံမှာ
ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုပြဿနာဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေဖြစ်ပေါ်ခဲ့တာကို
အကြောင်းပြုပြီး ဖြစ်လာတဲ့ပြဿနာဖြစ်ပါတယ်။ မဲမသမာမှု၊ နိုင်ငံရေးအရ ညစ်ပတ်မှုတွေဖြစ်လို့
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ တပ်မတော်က ဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။
လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရား လွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့
အဓိကတာဝန်ရှိသူတွေ ဖြေရှင်းပေးရမယ့်နည်းလမ်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းပေးဖို့
တောင်းဆိုခဲ့ပေမယ့်လည်း ဖြေရှင်းပေးခြင်းမရှိတဲ့အပြင် နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့
ကြိုးပမ်းလာခဲ့တဲ့အတွက် တပ်မတာ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံရေးတာဝန်ရယူကာ
ဖြေရှင်းဆောင်ရွက်နေတာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
အာဏာရပါတီကြီးမှ နိုင်ငံရေးအပေါင်းပါအချို့ဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့
ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ကို
ထူထောင်ခဲ့ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးအမှောင့်ပယောဂ တွေကို ကြိုတင်သွတ်သွင်းပေးပြီး
PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေထူထောင်ကာ နိုင်ငံတစ်ဝန်း မှာ အကြမ်းဖက်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက
ပညာရေးဝန်ထမ်း ဆရာ ဆရာမ ၇၅ ဦး၊ ကျန်းမာ ရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်းသံဃာ ၈၄ ပါးအပါအဝင်
အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှု အကြိမ် ၉၀၀၀ ကျော်ခန့်ဖြစ်ခဲ့ပါတယ်။
စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်၊ လူနေအိမ်တွေ အပါအဝင် အဆောက်အအုံ ၁၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
၈၈ အရေးအခင်းကာလတုန်းက ဆူပူသောင်းကျန်းသူတွေ ကြွေးကြော်ခဲ့သလို ရရင်ရ မရရင်ချဆိုတဲ့
လုပ်ရပ်တွေလိုဖြစ်ပါတယ်။
လူသားအရင်းအမြစ်ဆုံးရှုံး
တစ်ချိန်တည်းမှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဟာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေကို
အသုံးချပြီး ပွဲလန့်တုန်းဖျာခင်းဆိုသလို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို စစ်သင်တန်းပေးတာ၊
ဖောက်ခွဲဖျက်ဆီးရေးသင်တန်းပေးတာ၊ ထောက်ပံ့ကူညီ အားပေးတာတွေကိုပြုလုပ်ပြီး အကြမ်းဖက်မှုကြီးထွားလာအောင်
ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းပြီး နယ်မြေချဲ့ထွင်တာ၊
မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ တပ်မတော်က ပြန်လည်တွန်းလှန်ချေမှုန်းခဲ့ရာမှာ
နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ အမှန်တကယ်မှာ တိုင်းရင်းသားလူမျိုးအချင်းချင်း
တိုက်ခိုက်ကြရတာဖြစ်လို့ ဘယ်သူထိခိုက်နစ်နာတာဖြစ်စေ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေ
ဆုံးရှုံးတာပဲဖြစ်ပါတယ်။
လက်နက်စွဲကိုင်
အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကိုင်အကြမ်းဖက်မှုသံသရာဟာ
နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါ တယ်။ ယုံကြည်ချက်၊ ခံယူချက်ကွဲပြားမှုတွေကြောင့်
တစ်ဦးအပေါ်တစ်ဦး သံသယတွေတိုးပွားပြီး တိုက်ခိုက်ကြတာဟာ ဘယ်သူ့ဘက်မှ အမြတ်မထွက်ဘဲ အားလုံးဆုံးရှုံးခဲ့ကြတာကို
သတိချပ်ရမှာ ဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ သမိုင်းကြောင်း ရှည်ကြာလာပြီဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းမှု
တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကြောင့် ပေါ်ပေါက်လာတဲ့
အကြမ်းဖက်တိုက်ခိုက်မှုအကျိုးဆက်တွေကို အားလုံးပေါင်းချုပ်ကြည့်လိုက်ရင် စိတ်မကောင်း
စရာတွေ အများဆုံးဖြစ်နေတဲ့နိုင်ငံလို့ ဆိုရမလို ဖြစ်ပါတယ်။
နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်း
အကြမ်းဖက်မှုသံသရာ
ရှည်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံး ထိခိုက်သေကျေမှုတွေ ဆက်လက်များပြားလာနေဦးမှာဖြစ်ပါတယ်။
အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော် တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို
များစွာထိခိုက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့်
နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ရေးအလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
စက်တင်ဘာလ ၂၆ ရက်နေ့မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက်
ကမ်းလှမ်းဖိတ်ခေါ်ချက်ကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ အစဉ်အဆက်
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူတွေအပြင်
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကိုပါ ဖိတ်ခေါ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို ကမ်းလှမ်းဖိတ်ခေါ်ကြေညာတာနဲ့ပတ်သက်လို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောထားအမြင်နဲ့ အခြေအနေအရပ်ရပ်တို့ကို ဆင်ခြင်သုံးသပ်ကြည့်နိုင်ပါတယ်။
ယနေ့ကာလမှာ ပြည်သူလူထုအားလုံးရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်အခင်းအကျင်းကို ပြန်လည်
ဖော်ဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ကို စတင်နေပြီဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ နိုင်ငံသားများအားလုံး မဲပေးခွင့်ရရှိရေးအတွက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို
ဆောင်ရွက်နေပြီး မှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းတွေ ရရှိအောင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ပြည်သူ့အစိုးရကို ပြည်သူက ရွေးချယ်နိုင်ဖို့အတွက် မဲစာရင်း မှန်ကန်ရေး၊ လွတ်လပ်စွာမဲပေးခွင့်ရရှိရေးဟာ
အလွန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲကို ချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် နယ်မြေဒေသလုံခြုံရေးနဲ့
တည်ငြိမ်အေးချမ်းရေးကလည်း အလွန် အရေးကြီးပါတယ်။
တည်ငြိမ်အေးချမ်းဖို့လို
ယနေ့ကာလမှာ ရေကြီးရေလျှံ
သဘာဝဘေးဒဏ်တွေကြောင့် နိုင်ငံအတွင်းရှိ ဒေသအချို့မှပြည်သူ တွေ ဆိုးဆိုးရွားရွားခံစားကြရပါတယ်။
ရေဘေးဒုက္ခရောက်ကြရတဲ့ ဒေသခံပြည်သူတွေကို ပြန်လည် ထူထောင်ပေးနိုင်ဖို့အတွက် အရှိန်အဟုန်နဲ့
ပြင်းပြင်းထန်ထန် ဝိုင်းဝန်းကြိုးစားတည်ဆောက် ပေးကြရဦးမှာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို
အလျင်အမြန် ဆောင်ရွက်နိုင်ဖို့ အတွက် နယ်မြေဒေသတည်ငြိမ်အေးချမ်းဖို့ အထူးလိုအပ်ပါတယ်။
အကယ်၍ သဘာဝဘေးဒဏ်ခံစား ရတဲ့ဒေသတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင် သဘာဝဘေးသင့်ပြည်သူတွေ
တစ်ပူ ပေါ် နှစ်ပူဆင့်ပြီး စိတ်မချမ်းမြေ့စရာအဖြစ်တွေနဲ့ ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့်
နယ်မြေဒေသ တည်ငြိမ် အေးချမ်းဖို့ အထူးလိုအပ်ပါတယ်။
မျက်မှောက်ကာလ
နိုင်ငံတကာအခြေအနေတွေကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေ၊ ဒေသတွင်းအင်အားကြီးနိုင်ငံတွေရဲ့
အကျိုးစီးပွားပြိုင်ဆိုင်မှုတွေဟာ ကြီးမားပြင်းထန်လာတာ ကို တွေ့ရမှာဖြစ်ပါတယ်။ ရုရှား-ယူကရိန်းကိစ္စ၊
အာရပ်-အစ္စရေးကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကို အထင်အရှား
တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ စစ်ရိပ်စစ်ငွေ့သန်းနေတယ်လို့ ဆိုချင်ပါတယ်။
ကမ္ဘာကြီး ငြိမ်းချမ်းသာယာဖို့အတွက် ငြိမ်းချမ်းရေး ဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလိုအခြေ
အနေတွေမှာ မြန်မာနိုင်ငံလို နိုင်ငံငယ်တွေဟာ စည်းလုံးညီညွတ်မှု အထူးလိုအပ်ပါတယ်။ စည်းလုံးညီညွတ်မှု
ပျက်ပြားနေမယ်ဆိုရင် နိုင်ငံတကာ ပြိုင်ဆိုင်မှုတွေကြားမှာ မြန်မာနိုင်ငံဟာ ထိခိုက်ဆုံးရှုံးမှုအန္တရာယ်ကြီးမားလာနိုင်ပါတယ်။
ဆန္ဒပြုချက်တွေထုတ်ဖော်ပြောကြားလာ
ဒီလိုပြည်တွင်း၊
ပြည်ပအခြေအနေအရပ်ရပ်တွေကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ အချို့တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေအပါအဝင် မြန်မာနိုင်ငံအပေါ် အကောင်းမြင် စိတ်ထား စေတနာထားရှိတဲ့
နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းကအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ကောင်းမွန်တဲ့
သဘောထားတွေကို ကြားသိလာရပါတယ်။ ပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝ လုံခြုံရေးနဲ့
တိုးတက်ရေးကိုလိုလားတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေက နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲတွေကို
ငြိမ်းချမ်းရေးလုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ပေးဖို့အတွက် ၎င်းတို့ရဲ့ အကြံပြုချက်တွေ၊
ဆန္ဒပြုချက်တွေ ထုတ်ဖော်ပြောကြားလာကြပါတယ်။
တပ်မတော်အနေနဲ့
နိုင်ငံတော်ရဲ့တာဝန်ကို ရယူထမ်းဆောင်ချိန်ကစလို့ ငြိမ်းချမ်းရေးလုပ်ငန်း တွေကို စဉ်ဆက်မပြတ်
အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေကို
တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးကြေညာချက် ကို ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း သုံးကြိမ်ဆွေးနွေးနိုင်ခဲ့ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊
ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေး တွေကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့
ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကလည်း NCA လက်မှတ်ရေးထိုးထားတဲ့
EAO တွေနဲ့ ၅၆ ကြိမ်၊ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ EAO တွေနဲ့ ၂၄ ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့
၁၅ ကြိမ်၊ ဘာသာ ရေးခေါင်းဆောင်တွေ၊ ငြမ်းချမ်းရေးအကျိုးဆောင်တွေ၊ Stakeholder တွေနဲ့
သုံးကြိမ် စုစုပေါင်း ၉၈ ကြိမ် ဆွေးနွေးနိုင်ခဲ့ပါတယ်။
မသိချင်ယောင်ဆောင်
ငြိမ်းချမ်းရေးအတွက်
မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာမယ့်အစိုးရကို
နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေး မမှိတ်မသုန် ဦးတည်ဆောက်ရွက်နေသော်လည်း ငြိမ်းချမ်းရေးကို
မလိုလားဘဲ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊
အကြမ်းဖက်လမ်းစဉ်တို့ကို ရွေးချယ်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့တွေကြောင့် အကြမ်းဖက်မှုတွေ
ကြီးထွားလာတာ ယနေ့မျက်မြင် ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်တွေ၊ နိုင်ငံတော်ရဲ့
အခြေခံအဆောက်အအုံတွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရတဲ့အပြင်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတား ဖြစ်စေခဲ့ပါတယ်။
မျက်မှောက်ကာလမှာ
ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် တည်ငြိမ် အေးချမ်းမှုပျက်ပြားကာ
ဒေသခံပြည်သူတွေ အတိဒုက္ခရောက်နေကြရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်အုပ်စုတွေအနေနဲ့
ပြည်သူ့အရေး၊ ဒီမိုကရေစီရေးဆိုပြီး အသံကောင်းဟစ်ကြွေးပေမယ့် ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့
ဆန့်ကျင်ဘက်အလုပ်တွေကိုသာ လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တချို့သော နိုင်ငံရေးပါတီတွေ၊
ပါတီဝင်တွေ၊ လူပုဂ္ဂိုလ်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုတွေ အတိဒုက္ခ
ရောက်နေကြတာတွေကို မျက်ကွယ်ပြုပြီး အကြမ်းဖက်မှုတွေကို မလိုလားကြောင်း ပြတ်ပြတ် သားသား
ထုတ်ဖော်မပြသနိုင်တာဟာ စိတ်ပျက်စရာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်တာတွေ ကို မသိကျိုးကျွန်ပြု
မသိချင်ယောင်ဆောင်နေတာဟာ အကြမ်းဖက်သမားကို သွယ်ဝိုက် ထောက်ခံတဲ့သဘောဖြစ်နေပါတယ်။
အကြမ်းမဖက်ရေးနည်းလမ်းကိုလိုက်ကြဖို့လို
မည်သို့ပင်ဖြစ်စေကာမူ
အထက်ဖော်ပြပါအခြေအနေအရပ်ရပ်တို့ကို ထောက်ရှုပြီး နိုင်ငံတော် အစိုးရက နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်လိုက်တာကို ကြိုဆို ကြရမှာဖြစ်ပါတယ်။
အမြော်အမြင်ကြီးမားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ယုံကြည်ချက်၊ ခံယူချက်မတူသည်ဖြစ်စေအချင်းချင်း
ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ “အကြမ်းမဖက်ရေးသဘောတရားကို
ယုံကြည် ကျင့်သုံးသူဟာ အမြင့်ဆုံးသောစွန့််လွှတ်မှုကို ပြုလုပ်နိုင်တယ်။ မိမိအားချစ်ခင်သူကို
ပြန်ချစ်ခင်ခြင်းဟာ အကြမ်းမဖက်ရေးသဘောမဟုတ်ပါ။ မိမိအား မုန်းသူကို ချစ်ခင်နိုင်မှ အကြမ်းမဖက်ရေးသဘော
ဖြစ်တယ်”လို့ ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ပြောကြားခဲ့သလိုပါပဲ
မိမိအား မုန်းသူ ကိုချစ်ခင် လက်ကမ်းကြိုဆိုဖိတ်ခေါ်တဲ့ အကြမ်းမဖက်ရေးနည်းလမ်းကို လိုက်ကြဖို့လိုပါတယ်။
သို့ပါ၍ ရွေးကောက်ပွဲလမ်းကြောင်းပေါ်ရောက်မှသာ
ဒီမိုကရေစီရှေ့ခရီးဆက်နိုင်မှာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် သင်ခန်းစာယူပြီး
လက်ရှိမှာ အကောင်းဆုံးလို့ဆိုနိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။
နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အကြမ်းဖက်သောင်းကျန်းသူတွေ၊
အကြမ်းဖက် PDF အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး
ဒီမိုကရေစီလမ်းစဉ်၊ ဒီမို ကရေစီကျင့်စဉ်နဲ့ကိုက်ညီတဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ
တစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မုန်းသူကို ချစ်ခင်လက်ကမ်းကြိုဆိုဖိတ်ခေါ်တဲ့
အကြမ်းမဖက်ရေးနည်းလမ်းကိုလိုက်ကြဖို့ အချိန်တန် ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
။
No comments:
Post a Comment