ကယားပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများသို့ ပေးပို့သည့်စားသောက်ကုန်များ ပြည်နယ်အစိုးရအဖွဲ့က စနစ်တကျဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိ
လွိုင်ကော် အောက်တိုဘာ ၉
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်သူများ လတ်တလော စားသောက်ရေးအဆင်ပြေစေရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကယားပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ပေးပို့သည့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်က ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်
က အမှာစကားပြောကြားရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့လှူဒါန်းမှုများနှင့်
ပတ်သက်၍ ပြည်နယ်အတွင်း ရေဘေးသင့်သူများ၏လက်ဝယ်သို့ မျှတစွာ ရောက်ရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က
စနစ်တကျ ဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ ရပ်ကွက်အချို့ရှိ အမြင့်ပိုင်းနေအိမ်များမှာ
ရေကင်းလွတ်ပြီးဖြစ်၍ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က
ဦးဆောင်၍ ဌာနဆိုင်ရာများ၏ကြီးကြပ်မှုဖြင့် ပြည်သူများ လက်တွဲပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် စည်သွတ်ဘူးနှင့်
ခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ကြရာ ယာယီရေဘေးသင့်ကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးသင့်ရပ်ကွက်များမှ
ကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
နမ့်ကွတ်ရပ်ကွက်နှင့် မင်းစုရပ်ကွက်အတွင်း ရေပြန်လည်ကျဆင်းနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး
အမြင့်ပိုင်းရေကျဆင်း၍ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်လိုသည့် ရပ်ကွက်နေပြည်သူများကို
ကူညီရွှေ့ပြောင်းရေး လိုအပ်သည်များဆောင်ရွက်ပေးရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်လမ်း၊
တံတားများအား ပြန်လည်ပြုပြင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ပေးရန်နှင့် အနိမ့်ပိုင်းနေရာများရှိ
ချိုင့်ဝှမ်းနေရာများတွင် ရေတင်ကျန်ရှိနေမှုများကို ရေစုပ်ထုတ်ခြင်းများ ဆောင်ရွက်ရန်တို့ကို
တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:
Post a Comment