နေပြည်တော် မြို့နယ်ရှစ်မြို့နယ်
စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ စာရင်းပေးသွင်းထားသည့် သင်ယူလိုသူ ၅၄၁
ဦးကို စာသင်ဝိုင်း ၄၇ ဝိုင်းဖြင့် သင်ကြားပို့ချပေးသွားမည်
နေပြည်တော် အောက်တိုဘာ ၉
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြိုနယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေနေပြည်တော်
စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊
ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်ပညာရေးမှူးများနှင့်
မြို့နယ်ပညာရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊
အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၏
စဉ်ဆက်ပညာရေးလုပ်ငန်းတွင် သင်ကြားပေးကြမည့် မြို့နယ်ရှစ်မြို့နယ်မှ စေတနာလုပ်အားပေးနည်းပြများ၊
ကြီးကြပ်များ၊ စာသင်သားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ နေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ
ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က အမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက
မြို့နယ် ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းမှ စာသင်သားများကိုယ်စား စာသင်သားနှစ်ဦးကို
စာသင်သားသုံးထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်
ရှစ်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို အမျိုးသားရေးအသွင်လုပ်ဆောင်နိုင်ရေး၊ ဒေသတွင်း
အခြေခံစာတတ်မြောက်မှုနှုန်း တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာစေရန်ရည်ရွယ်ပြီး
သင်ကြားရေးကာလ ရက်ပေါင်း ၉၀ဖြစ်ပြီး မြို့နယ် ရှစ်မြို့နယ်၏ စာရင်းပေးသွင်းထားသည့်
သင်ယူလိုသူ ၅၄၁ ဦးကို အခြေခံပညာအထက်တန်းအဆင့်နှင့်အထက်ရှိသူ ဒေသန္တရစေတနာလုပ်အားပေး
နည်းပြ ၉၄ ဦးနှင့် ကြီးကြပ် ၁၃ ဦးတို့က စာသင်ဝိုင်း ၄၇ ဝိုင်းဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊
လယ်ဝေးခရိုင်တွင် စာသင်သား ၁၅၆ ဦး၊ နည်းပြ ၂၈ ဦး၊ ကြီးကြပ် သုံးဦး၊ စာသင်ဝိုင်း ၁၄
ဝိုင်းဖြင့်လည်းကောင်း၊ ပျဉ်းမနားခရိုင်တွင် စာသင်သား ၆၉ ဦး၊ နည်းပြ ၁၀ ဦး၊ ကြီးကြပ်
ငါးဦး၊ စာသင်ဝိုင်း ငါးဝိုင်းဖြင့်လည်းကောင်း၊ ဇေယျာသီရိခရိုင် တွင် စာသင်သား ၉၂ ဦး၊
နည်းပြ ၁၆ ဦး၊ ကြီးကြပ် နှစ်ဦး၊ စာသင်ဝိုင်း ရှစ်ဝိုင်းဖြင့်လည်းကောင်း၊ ဥတ္တရခရိုင်တွင်
စာသင်သား ၂၂၄ ဦး၊ နည်းပြ ၄၀၊ ကြီးကြပ် သုံးဦး၊ စာသင်ဝိုင်း ၂၀ ဖြင့်လည်းကောင်း အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment