နေပြည်တော် အောက်တိုဘာ ၂၂
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့်
အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့်
တာဝန်ရှိသူ များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အရာထမ်း၊ အမှုထမ်းများ
တက်ရောက်ကြ သည်။
အများပြည်သူ၏ အကျိုးစီးပွားကိုကာကွယ်
ဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌက အဂတိလိုက်စားမှုသည်
ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားပြုနိုင်သည့် ရောဂါ ဆိုးတစ်ခုဖြစ်ကြောင်း၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အဓိကအနှစ်သာရမှာ အများ ပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့်
အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်စေရန် ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်းများ၌
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ ဖွဲ့စည်းပြီး
အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုကင်းစင်သည့်
နိုင်ငံတော်ကြီးဖြစ်စေရန် အဂတိလိုက်စားမှုကို အတူတကွ ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြ
ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က အဂတိလိုက်စားမှုများ
ဖြစ်ပေါ် ခြင်းကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေမှု၊
ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရာတွင် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်
ခံယူလျက် အသိ ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့်
နည်းလမ်းသုံးသွယ် ဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍ
များ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊
အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး
တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲ အပြီးတွင် ကော်မရှင်အဖွဲ့ဝင်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –
CPU) အဖွဲ့ဝင်များ တွေ့ဆုံကြပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင်
ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍
ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment