Friday, October 18, 2024

လှပသောနှလုံးသားနှင့် ပြည်ထောင်စု၏ ဂီတ

 

နိုင်ငံတော်အဆင့် ကျင်းပသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်း အမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့က ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။ ပြိုင်ပွဲဝင်ပေါင်း ၂၅၀၀ ကျော်နှင့် ရက်သတ္တတစ်ပတ်ကြာ ကျင်းပမည့် ဤပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ၁၄ ခုတို့မှ မြန်မာတိုင်းရင်း သားပေါင်းစုံ၊ ရိုးရာဓလေ့ယဉ်ကျေးမှု အနုပညာပေါင်းစုံတို့ လာရောက်ပေါင်းဆုံမိကြခြင်းကြောင့် ဤနေရာ၊ ဤအခိုက်အတန့်တွင် ပြည်ထောင်စု၏သရုပ်ကိုလည်း ပီပီပြင်ပြင်၊ ထင်ထင် ရှားရှားတွေ့ရသည်။ ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည့် အလျောက် ယဉ်ကျေးသိမ်မွေ့သည့် ဣဋ္ဌာရုံမြင်ကွင်းတို့ကိုသာ နှလုံးစိတ်ဝမ်း အေးချမ်းဖွယ်ရာ တွေ့မြင်ကြရသည်။

ယခုနှစ်ကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ဖြစ်သည့် အလျောက်ဖွင့်ပွဲအခမ်းအနားကို ထူးထူးခြားခြား ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ တိုင်းရင်းသားတူရိယာ ရိုးရာသံစုံတေးဂီတအဖွဲ့၏ စုပေါင်းတီးခတ်ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် တိုင်းရင်းသားမျိုးနွယ်စုကြီးများမှ တူရိယာပစ္စည်း အမျိုးပေါင်း ၄၀ ကျော်၊ ဂီတပညာရှင်ပေါင်း ၄၀ ကျော်တို့ တစ်စု တစ်စည်းတည်း ပေါင်းစပ်ကာ တေးဂီတတစ်ပုဒ်အဖြစ် ကြီးကျယ် ခမ်းနားစွာတီးမှုတ်သည့်ပွဲမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။ ရိုးရာသံစုံတေးဂီတအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို အဆိုပါခန်းမအတွင်း ရှုစားနားဆင်ခွင့်ရခဲ့သူတို့က မိမိတို့၏ရိုးရာတေးသွားကို ကျန်တိုင်းရင်းသားအားလုံးတို့၏ တူရိယာများအားလုံး ပေါင်းစပ်ပါဝင်တီးခတ်ကြသည်ကို ကြားရသည့်အခါ အံ့ဩဝမ်းမြောက်ခြင်းနှင့်အတူ စိတ်နှလုံးကြည်နူးနှစ်သိမ့်မှုကို ခံစားကြရကြောင်း ပြန်လည်ပြောပြကြသည်။

သံစုံတေးဂီတ တီးခတ်ကြရာတွင် သံစဉ်ရှာဖွေခြင်း၊ ဂီတသင်္ကေတများ ရေးမှတ်ခြင်းမှသည် တေးသွားအလိုက်ဆိုင်ရာ တူရိယာများတီးခတ်ခြင်း စသည်တို့ကို ဂီတဆရာ၏ ဦးဆောင်မှုနှင့် တူရိယာပညာရှင်များပါဝင်၍ စုပေါင်းဆောင်ရွက်ကြရခြင်းဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း ဒေသအသီးသီးတွင် သီးခြား လက္ခဏာကိုယ်စီဖြင့် ဖြစ်ထွန်းနေသည့် ရိုးရာဂီတများကို တစ်ခု နှင့်တစ်ခု ချိတ်ဆက်ပေါင်းစပ်ကြရာတွင် တိုင်းရင်းသားဂီတပညာရှင်တို့မှာ သူ့ဂီတတွင်ကိုယ်ပါ၊ ကိုယ့်ဂီတတွင်လည်းသူပါ၍ စုပေါင်းအလုပ်လုပ်ကြရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ သူ့ဂီတကို ကိုယ်နားလည်ရန် ကြိုးပမ်းရသလို ကိုယ့်ဂီတကို သူနားလည်ရန် ကြိုးပမ်းပြီး တေးသွားတစ်ခု ချောမွေ့စွာ၊ သာယာငြိမ့်ညောင်းစွာ ဖြစ်ပေါ်လာစေရန် ဖြည့်တန်ဖြည့်၊ လျှော့တန်လျှော့နှင့် ပေါင်းစပ်ခဲ့ကြရမည်လည်းဖြစ်သည်။ ထူးခြားသောခံစားမှုကို ပေးစွမ်းနိုင်သည့် ဂီတတစ်ပုဒ်ဖြစ်လာစေရန်မှာ ကိုယ့်တူရိယာကို ကိုယ်ထင်ရာကိုယ်စိုင်း၊ မည်သူနှင့်မျှ ညှိနှိုင်းချင်းမရှိဘဲ ကျောခိုင်း တီးခတ်နေ၍မဖြစ်နိုင်။ သံစဉ်တေးသွားတစ်ပုဒ်လှပလာစေရန်မှာ ပါဝင်တီးခတ်သူတို့၏ နှလုံးသားဖြင့် တီးခတ်နိုင်ဖို့လိုသည်။ နှလုံးသားလှပမှ တေးသွားလှပပေမည်။

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပနေစဉ်ကာလအတွင်း အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ ကျရောက်လာသည်။ NCA သည် ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြသည့် ပြည်သူတို့၏ မျှော်လင့်ချက်လည်းဖြစ်သည်။ နိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းမှသာ စီးပွားရေးဖွံ့ဖြိုးရန်၊ ခေတ်မီတိုးတက်ရန် မျှော်မှန်းနိုင်မည်ဖြစ်သည်။ မွေးလာသမျှ မျိုးဆက်အားလုံး လက်နက်ကိုင်များအဖြစ် သွတ်သွင်း၍ တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးကြခြင်းအားဖြင့် ပျက်စီးဆုံးရှုံး သေဆုံးခြင်းတို့သာရှိမည် ဖြစ်ပြီး နိုင်ငံနှင့် မည်သည့်လူမျိုးတို့အတွက်မှ အကျိုးမဖြစ်ထွန်း နိုင်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အခွင့်အရေး နှင့် လမ်းဖွင့်ပေးထားရာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး စားပွဲဝိုင်းတွင် ညှိနှိုင်းကြိုးပမ်းကြခြင်းဖြင့် နိုင်ငံနှင့်ပြည်သူ နာကျင်မှုကြီးမားသည့် ကြမ်းတမ်းခက်ထန်သော လမ်းကြောင်း ကို ရှောင်နိုင်သည်။

(၂၅) ကြိမ်မြောက် ငွေရတု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီး၏ဖွင့်ပွဲအခမ်းအနားတွင် တီးခတ်ခဲ့သော တိုင်းရင်းသားတူရိ ယာရိုးရာ သံစုံတေးဂီတအဖွဲ့ကြီးက နားဆင်၍မငြီးသည့် ပြည်ထောင်စုဂီတဖြင့် သတင်းစကားပါးခဲ့ပြီဖြစ်ရာ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေး၊ ထာဝရငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံး လှပသည့်နှလုံးသားဖြင့် သမိုင်းမော်ကွန်း ရေးထိုးနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment