Saturday, October 19, 2024

တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အိုးအိမ်ပြန်လည်ထူ‌ထောင်ရေးအတွက် ရန်ပုံငွေနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော် အောက်တိုဘာ ၁၈

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ()၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် နေပြည်တော်ကောင်စီဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ကျင်းပသည့် ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများ အပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့ ဆောင်ရွက်ပေး နေမှုအခြေအနေနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ရာဂီမုန်တိုင်းဆက်စပ်ရေဘေးကြောင့် လုံးဝမျောပါ/ ပျက်စီးခဲ့ကြသည့် နေအိမ်များအတွက် တစ်အိမ်လျှင် ငွေကျပ် ၂၃ သိန်း ငါးသောင်းနှုန်းဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်သိန်း ၁၃၁၆၀ နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် တစ်အိမ်လျှင်ငွေကျပ် ၁၇ သိန်း ၅ သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၆၃၃၅ သိန်းကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စည်သွတ်ဘူးနှင့် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ရေဘေးသင့်မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအား စားသောက် ဖွယ်ရာများ ပေးဝေသည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သော အခြေခံပညာ အထက်တန်းကျောင်းခွဲ စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရှောက်ကုန်းကျေးရွာအတွင်း ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် ပျက်စီးခဲ့ရသည့်နေအိမ်များအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေဖြင့် နေအိမ်များ ပြန်လည်ဆောက်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment