ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
၂၁ ရာစုခေတ်မှာ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဟာ အရေးကြီးဆုံးကဏ္ဍဖြစ်တယ်လို့ ဘာကြောင့် ပြောသလဲဆိုရင် ပညာရေးက ဆောင်ကြဉ်းပေးနိုင်တာ နှစ်ခုရှိပါတယ်။
(၁) နိုင်ငံရဲ့စီးပွားရေး
knowledge – based economy ကို မြင့်မားစေနိုင်ပါတယ်။
(၂) လူမှုဆက်ဆံရေးတွေကို
ညီညွတ်မျှတစေပါတယ်။ လူမှုဘဝသဟဇာတဖြစ်မှုကို ပညာရေးက ဆောင်ကြဉ်းပေးနိုင်ပါတယ်။
“ပညာရေးဖြင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” ဆိုသဖြင့် နိုင်ငံနဲ့ လူမျိုးရှင်သန်ကြီးထွားနိုင်ဖို့
ပညာရေးဟာ ဝိညာဉ်ဖြစ်လို့၊ ၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့… စသဖြင့်
အကြောင်းတရားတွေကြောင့် ကလေး၊ လူငယ်၊ လူကြီးတို့ဟာ ပညာသင်ကြား ကြပါတယ်။ မိမိတို့ရဲ့
စိတ်ချမ်းမြေ့ဖွယ်အနာဂတ်ကို တည်ဆောက်လိုတဲ့အတွက် သင်ဆရာ မြင်ဆရာ ကြားဆရာများထံမှ နေ့စဉ်လိုလို သင်ယူကြပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဆိုတာ
မိဘနှစ်ပါးနဲ့ ဆက်သွယ်ပြောဆို သိနားလည်နိုင်တဲ့ ကလေး ဘဝက စတင်ပါတယ်။ အရွယ်အားဖြင့်
ငါးနှစ်၊ ငါးနှစ်မတိုင်မီ ကလေးတို့ဟာ ပုံပြင်တွေ၊ သာယာ နာပျော်ဖွယ် တေးသီချင်းတွေကို
ကြိုက်နှစ်သက် တတ်ကြပါတယ်။ ပန်းချီကားချပ်ပါတဲ့ ပုံပြင်စာအုပ် လေးတွေကို ပြရင်းဖတ်ပြရင်းနဲ့
ကလေးကို ကနဦး သူ့မိဘနှစ်ပါးက သင်ပေးပါတယ်။ ကလေးငယ် ဘဝမှာ မိသားစုက တာဝန်ယူတာဖြစ်ပါတယ်။
မိသားစုတစ်ခုချင်းမှာတောင် အတွေ့အကြုံ၊ အမြော် အမြင်၊ ခံယူချက်နဲ့ ဆန္ဒတွေဟာ မတူညီ
မပြည့်စုံနိုင်တဲ့အတွက် ကျောင်းသင်ပညာရေးစနစ်ထံ မိဘများက အပ်နှံတာဖြစ်ပါတယ်။
ကျောင်းသင်ပညာရေး
ကျောင်းသင်ပညာရေးစနစ်က
လူငယ်တစ်ယောက်အတွက် ပြောရရင် လူ့အသိုင်းအဝိုင်း ထဲမှာ ထိုလူငယ်ရဲ့ လူမှုဆက်ဆံပေါင်းသင်းရေးအတွက်
ဘယ်လိုစိတ်ဓာတ်နဲ့ ဘယ်လိုတန်ဖိုးတွေ ထားရမယ်ဆိုတဲ့ စာရိတ္တပိုင်း၊ လူမှုရေး၊ လူမှုဆက်ဆံရေးအပိုင်းတွေကို
ကျောင်းက တာဝန်ယူတာ ဖြစ်ပါ တယ်။ ကျောင်းဟာ သူ့ကို အရွယ်နဲ့ကိုက်ညီတဲ့ သင်ခန်းစာတွေသင်ရင်း၊
စာရိတ္တဖွံ့ဖြိုးအောင် ဆရာ များက တဖြည်းဖြည်းချင်း သင်ကြားပေးတဲ့သဘောဖြစ်ပါတယ်။
တောအရပ်ဒေသမှာတော့ ဘုန်းကြီးကျောင်းမှာ ဘုရားရှိခိုးတဲ့ကိစ္စနဲ့စပြီး
မူလတန်းကျောင်းကိုတက်၊ စာဖတ်တတ်ဖို့၊ အပေါင်းအနုတ်ဂဏန်းသင်္ချာနဲ့ ထိတွေ့ရပါတော့တယ်။
အဲဒီအဆင့်မှာ ကလေးတို့ ဟာ ကျောင်းပညာကို လန့်မသွားဖို့၊ “ကကြီး ခခွေး၊ တစ်နှစ်သုံးလေး”
ဆိုတဲ့ စာလန့်မသွားဖို့ ဆရာ ဆိုတဲ့ ဥယျာဉ်မှူးတွေရဲ့ကဏ္ဍဟာ လွန်စွာမှ အရေးကြီးလာပါတော့တယ်။
ငါးနှစ်အရွယ် လူမမယ် ကလေးဆိုတဲ့ မျိုးစေ့ဟာ ရေမြေခံကောင်းတဲ့ ကျောင်းဆိုသော မြေဆီလွှာမှာ
ဥယျာဉ်မှူးကြောင့် အညှောင့်လေးတွေထွက် အရွက်ငယ်လေးတွေပါတဲ့ အပင်ငယ်လေးတွေဟာ ပေါက်လာပါတော့တယ်။
သင်ဆရာ မြင်ဆရာ
ကိုယ့်ပတ်ဝန်းကျင်မှ
သဘာဝတရားကြီးဟာ သင်ဆရာ၊ မြင်ဆရာတွေပဲလို့ ရှေးရှုလိုက်ရင် ပညာဆိုတာ ယူလို့မဆုံးဖြစ်ပါလိမ့်မယ်။
မိဘနဲ့ ဆရာအပေါင်းက မကောင်းမှုကို သိဖို့ မှားနေတာ တွေ ရှောင်ရှားနိုင်ဖို့ ထိန်းကျောင်းပေးရုံသာ
လိုအပ်ပါတယ်။ သားသမီးနဲ့ တပည့်အပေါင်းရဲ့ လောကကို သွားရင်း၊ လာရင်း၊ ချက်ပြုတ်ရင်း၊
ဈေးဝယ်ရင်း၊ ဘုရားကျောင်း၊ ကျောင်းကန်ဘုရားသွားရင်း သူတို့ရဲ့လောကကို အလှဆင်ပေးကြရမယ်။
သောကနဲ့လောဘကို
ပညာနဲ့ဖြေပေးရမယ်။ ငွေကြေးပစ္စည်းနဲ့ ဖြေပေးခြင်းဟာ တခဏပဲ မှန်မယ်။ ကောင်းတဲ့ပုံပြင်လေးတွေနဲ့
စာအုပ်လေးတွေနဲ့ ငယ်စဉ်ကတည်းက လုပ်ပေးရမယ်။ မိဘတို့ အိမ်ဟာကြီးသည်၊ ငယ်သည်မဟုတ် ကလေးတွေအတွက်
စာအုပ်စင်၊ စာကြည့်ခန်းထားပေးရမယ်။ ဗြဟ္မစိုရ်တရားထွန်းကားအောင် ဘာသာရေးစာအုပ်တွေလည်း
ဖတ်စေရမယ်။ လက်ကိုင်ဖုန်းက အရန် အတားပဲဖြစ်ရမယ်။ ဂိမ်းကစားဖို့ဆိုရင် ကလေးရဲ့ တန်ဖိုးရှိတဲ့အချိန်တွေဟာ
ဆုံးရှုံးသွားပါပြီ။ ဒီအလေ့အကျင့်မဖျောက်နိုင်ရင် နောင်ကြီးလာလို့ လောင်းကစားဘက်လိုက်သွားရင်
စီးပွားပျက်ဖို့ များပါတယ်။
ပတ်ဝန်းကျင်က
အလှအပတွေကိုမြင်အောင် မိဘတွေက ဦးဆောင်လိုက်ပါ။ မိမိတို့ဟာ ဘယ် အရပ်၊ ဘယ်ဒေသမှာနေနေ
အလှအပတွေရှိနေတာမို့ မြင်တတ်အောင် မြင်အောင်ကြည့်တတ်ရင် စိတ်ချမ်းသာဖို့ချည်းပဲ။ ဝါသနာပါရင်
တေးသီချင်းတွေကိုလည်း နားထောင်ပါ။ ပန်းချီဆွဲဝါသနာ ပါရင်လည်းစလိုက်။ အားကစားလည်း လိုက်စား။
သူငယ်ချင်းအပေါင်းအသင်းတွေဆီ အလည် သွားလိုက်။ ခင်မင်တဲ့စိတ်နဲ့သွား၊ ကြွားဝါလိုတဲ့စိတ်၊
ယှဉ်ပြိုင်အနိုင်လိုချင်တဲ့စိတ်နဲ့ အလည်မသွား ပါနဲ့။ ကူညီရိုင်းပင်းချင်တဲ့စိတ်နဲ့သွားပါ၊။
ပျော်ပျော်ရွှင်ရွှင်နေပါ၊ မိဘတွေဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ရဲ့သားသမီးတွေမှာ
အားနည်းချက်တွေရှိနေနိုင်တာမို့၊ ကလေးအချင်းချင်း ကြင်နာစိတ်နဲ့ဆက်ဆံဖို့၊ ကျောင်းသွားဖော်ဖြစ်ဖို့၊
ကြီးလာရင် မိတ်ဆွေဖြစ်ဖို့ မိဘဘိုးဘွားတွေက လမ်းပြပေးရမယ်၊ လောကမှာ အမြော်အမြင်သတိနဲ့
သွားလာလှုပ်ရှား ရှေ့ရေးကိုတွေးပြီး လုပ်ကြရပါ လိမ့်မယ်။
ဆယ်ကျော်သက်အရွယ်ကစပြီး
လူမှုဆက်ဆံရေးတွေ၊ နိုင်ငံတော်ဆိုတဲ့အသိတွေ၊ နိုင်ငံသား ကောင်းတစ်ယောက်နဲ့ စည်းကမ်းတွေကို
ဇောင်းပေးပြီး သင်ပေးတာဟာလည်း ကျောင်းပဲ၊ စိတ်ဓာတ် ရေးရာပြုပြင်ပေးတဲ့နေရာဟာ ကျောင်းပဲ၊ ကျွမ်းကျင်မှုရအောင်ပေးတဲ့နေရာဟာ
ကျောင်းပဲ၊ အသိဉာဏ်ကို မြှင့်တင်ပေးတဲ့နေရာဟာလည်း ကျောင်းပဲ။ ဗြဟ္မစိုရ်တရား (မေတ္တာ၊
ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ပွားများတတ်အောင်) ထွန်းကားအောင် စည်းကမ်းနဲ့ နေတတ်၊ ထိုင်တတ်၊
ပြောတတ်အောင် လူ့ဘဝနဲ့ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေး ရတာလည်းကျောင်းပဲ။
ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တို့ဟာ လူငယ်တွေကို ပညာရပ်တွေ၊ လူမှုဆက်ဆံရေးတွေ၊ နိုင်ငံတော်ဆိုတဲ့အသိတွေ၊
နိုင်ငံသားတစ်ယောက်ရဲ့ စည်းကမ်းတွေကိုထပ်ပြီး သင်ပေးတဲ့ အဖွဲ့အစည်းတွေ
(Institution) ပါပဲ။
အခြေခံပညာအနေဖြင့်
KG + 9 ပြီးအောင် စာသင်ကြားကြရလိမ့်မယ်။ လူလားမြောက်ဖို့ လိုအပ်ချက်ကြီးပဲ၊ ဘယ်ဒေသမဆို
ကလေးသူငယ် တွေ၊ မိဘတွေနဲ့ ဆရာ ဆရာမတို့ရဲ့ အားထုတ်မှု ကြောင့် နိုင်ငံသားတစ်ဦးရဲ့ အခြေခံကျကျ
အရည် အသွေးတစ်ခုကို ရရှိသွားမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့
ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းတက်ရေးနဲ့ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးကို
အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တက်ညီ လက်ညီ ဆောင်ရွက်ခြင်းဖြင့် ပညာရေးအခြေခံအုတ်မြစ်ဟာ
ပြည်သူလူထုအတွင်း တောင့်တင်း ခိုင်မာလာမှာဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ ပညာကို မွေးကင်းစအရွယ်ကတည်းကစပြီး
လက်ဦးဆရာ ပုဗ္ဗာစရိယ မိနဲ့ဖထံက ရယူကြရပြီး KG, Kg+9, Kg+10 Kg+11 Kg+12 အထိ သင်ယူ နိုင်ပြီဆိုရင်
လက်ခမောင်းခတ်နိုင်ပါတယ်။
တက္ကသိုလ်၊ ကောလိပ်တစ်ခုခုက
ဘွဲ့ရပြီးလည်း ဘဝတစ်လျှောက်လုံး သင်ယူနေမှ ခလုတ်မထိ ဆူးမငြိမယ်။ ဗလငါးတန်ပြည့်စုံနေမယ်။
ကြီးမားတဲ့ယှဉ်ပြိုင်မှုကြီးထဲမှာ ရပ်တည်နိုင်ရုံမက အရည် အသွေးမီဘဝကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံသားကောင်းဖြစ်လာမယ့် ကလေးသူငယ်တွေ ဟာ ဆရာ ဆရာမကြီးတို့ရဲ့ ကျောင်းမှာပဲ ရှိပါတယ်။
သူတို့ရဲ့အရည်အသွေးမြင့်မားဖို့
ယုံကြည်ချက်၊ ခံယူချက်၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရှိလာဖို့ ဆရာ ဆရာမကြီးတို့ရဲ့လက်ထဲမှာ
ရှိပါတယ်။ တစ်ဦးချင်းရဲ့ အရည်အသွေးဟာ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို အထောက်အကူပေးမှာပါပဲ။
ကျောင်းက ဆရာ ဆရာမတွေ မွေးထုတ်လိုက်တဲ့ ကလေးတွေဟာ ရင့်ကျက်တဲ့ နိုင်ငံ့သားကောင်းတွေ၊
တွေးခေါ်မြော်မြင်တတ်တဲ့သူတွေ၊ ဒုစရိုက် ကင်းတဲ့သူတွေ၊ နိုင်ငံသားတွေဖြစ်သွားခြင်းအားဖြင့်
ဒေသရဲ့ငြိမ်းချမ်းရေးကို အထောက်အကူပြု အားပေးရာရောက်တယ်။
ပညာဆိုတာ ရှေ့မှာရှိမယ့် ကောင်းကျိုး၊ ဆိုးကျိုးကို
မြင်နိုင်တယ်။ ထွင်းဖောက်မြင်နိုင်တယ်။ အသက်မွေးဝမ်းကျောင်းမှုတွေကို သူကိုယ်တိုင်
ရှာဖွေနိုင်စွမ်းတွေရှိလာတယ်။ မြင့်မားတဲ့ကျွမ်းကျင် မှုတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေ
စိုက်ပျိုးရေးနယ်ပယ်တွေမှာ တိုးတက်လာနိုင်တယ်။ နိုင်ငံတစ်ခုကို ပိုလုံခြုံအောင် ပညာရေးက
ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာ ဒါပါပဲ။ အလွန်ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကို လုပ်ရမှာဖြစ်လို့
ဂုဏ်ယူစရာဖြစ်ပါတယ်။
ကလေးတွေက ပြဋ္ဌာန်းစာအုပ်ထဲက စာလောက်ကို တတ်သွားဖို့
လေ့ကျင့်ပေးဖို့မဟုတ်။ ကျောင်း တွေမှာ သင်ကြားပေးတဲ့ ဘာသာရပ်စုံမှ ဗဟုသုတအသိ
(Knowledge)၊ သင်ခန်းစာ(lesson) တွေကို ကလေးတွေရဲ့ ဦးနှောက်ထဲ မချိမဆံ့ ထည့်သွင်းဖို့မဟုတ်၊
ကိုယ်တိုင်လိုချင်စိတ်နဲ့ သင်ယူကြမှ ဖြစ်တယ်။ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာတွေနဲ့ အံ့ဖွယ်တွေကို
သိလိုစိတ်၊ စူးစမ်းလိုစိတ်၊ ပြဿနာ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းလိုစိတ်၊ ပညာလိုချင်တဲ့
စိတ်ရှိအောင် ဖန်တီးပေးရမယ်။ အဲဒီတော့ ဆရာ ဆရာမတွေရဲ့ တာဝန်ဟာမသေးပါဘူး။ ကိုယ်တာဝန်ထမ်းဆောင်ရတဲ့ဒေသဟာ
ငယ်ချင် ငယ်မယ်။ လူရှိတဲ့နေရာတိုင်းဟာ အရေးကြီးတာကို ပညာရေးက ပိုနားလည်ရပါလိမ့်မယ်။
လူရှိရင် ပညာရေးအလုပ်ရှိတာပါပဲ။ ကျောင်းဆိုတဲ့ အဓိပ္ပာယ်ဟာ ပြဋ္ဌာန်းစာအုပ်ထဲကစာကို
သင်ပြီးတော့ အမှတ်ကောင်းကောင်းနဲ့ ကျောင်းက အောင်သွားဖို့မဟုတ်၊ တက္ကသိုလ်သို့ တက်ဖို့ချည်းမဟုတ်၊
မြန်မာတို့အတွက် အထူးလိုအပ်နေတဲ့ နယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်မယ့် လူ့စွမ်းအားဖြစ်ဖို့
အားထုတ်ကြရပါမယ်။
ပညာရေးပြက္ခဒိန်မှာ
မေနဲ့ ဇွန်လအတွင်း ကျောင်းအပ်နှံရေးသီတင်းပတ် ဇူလိုင်လမှာ ကျောင်းနဲ့ ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊
ဩဂုတ်လမှာ ကျောင်းကျန်းမာရေး သီတင်းပတ်ရယ်လို့ ပညာရေးအစီအစဉ်တွေရေးဆွဲပြီး ဆရာ၊ ကျောင်းသားအပေါင်းဟာ
တက်ကြွစွာလုပ်ဆောင်ကြခြင်းဖြင့် မြို့ရွာရဲ့ကျောင်းဟာ ဥပစာဖြစ်လာပါတော့တယ်။ စာသင်ကျောင်းတွေက
အစပြုလိုက်တဲ့ လောကနီတိ ကျင့်ဝတ်တွေကသာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထား လေးစားမှု၊ နားလည်ပေးမှု၊
ရိုးသားဖြူစင်မှု၊ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားကောင်းတွေကို မွေးထုတ်ပေးရာ
ရောက်ပါတယ်။
လေးစားခြင်းဆိုရာမှာ...
လေးစားခြင်း
(Respect) ဆိုရာမှာ မိမိ၊ အခြား သူများ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းတို့
ကို ဆိုလိုပါတယ်။
၁။ မိမိကိုယ်ကိုလေးစားခြင်းဆိုတာက-
- မကြာခဏ ကိုယ်စိတ်လေ့ကျင့်ခန်း
လုပ်ရမယ်။
- ဒေါသကို ထိန်းနိုင်ရမယ်။
- အန္တရာယ်ဖြစ်စေနိုင်ခြေ
ရှိသည်တို့ကို လျှော့ချနိုင်ရမယ်။
- အမှားမှသင်ခန်းစာယူသင်ယူရမယ်။
- အပေါင်းလက္ခဏာ
အကောင်းမြင်ဝါဒ ရှိရမယ်။
- စည်းကမ်းဥပဒေကို
လေးစားလိုက်နာ ရပါမယ်။
- ရိုးသားရပါမယ်။
၂။ အခြားသူကိုလေးစားရမယ်ဆိုတာက-
- ကိုယ်နှုတ်ယဉ်ကျေးသိမ်မွေ့ရမယ်။
- အကူအညီပေးနိုင်သမျှ
ပေးရမယ်။
- အများအကျိုးသယ်ပိုးကြရမယ်။
- မျှဝေတတ်ရမယ်။
- လိုအပ်သူတို့ကို
ကူညီထောက်ပံ့ရတယ်။
- ချီးမွမ်းထောမနာပြုရမယ်။
သည်းခံ နိုင်စွမ်းရှိရမယ်။
၃။ သဘာဝပတ်ဝန်းကျင်ကို
လေးစားခြင်း ဆိုတာက-
- မိမိရဲ့ အိမ်ရာအဝန်းအဝိုင်းမှာ
သန့်ရှင်း မှုရှိစေရမယ်။
- တစ်ကျော့ပြန်သုံး၊
ပြန်သုံး လျှော့သုံး ပြုလုပ်နိုင်ရမယ်။
- လျှပ်စစ်နဲ့
ရေကိုချွေတာသုံးစွဲရမယ်။
- ရုက္ခသတ္တလောကကို
ညှဉ်းဆဲမှုမပြု စောင့်ရှောက်ရမယ်။
၄။ လူ့အသိုင်းအဝိုင်းကို
လေးစားရမယ် ဆိုတာက-
- ကိုယ်နှုတ်အမူအရာကောင်းရပါမယ်။
- တာဝန်ရှိသူတို့ကို
လေးစားရပါမယ်။
- အသင်းအဖွဲ့ပုံစံလုပ်ရမယ်။
- ကြင်နာမှုပြ၊
ကြင်နာမှု ပြုရမယ်။
- အသုံးတည့်၊
အကျိုးပြုသူဖြစ်ရပါမယ်။
- ကာကွယ်စောင့်ရှောက်သူဖြစ်ရပါမယ်။
ဒီအစီအစဉ်တွေ
လုပ်ပေးနိုင်တာဟာလည်း ကျောင်းပဲ။ ကောင်းသောကလေးသူငယ်တွေ မွေးထုတ်ပေးရင် နိုင်ငံဟာငြိမ်းချမ်းမယ်။
ဖွံ့ဖြိုးတိုးတက်တယ်။ ဘက်ပေါင်းစုံကြွယ်ဝတဲ့ အဆင့် အတန်းရှိတဲ့ ကလေးလူငယ်တွေဖြစ်အောင် ကြိုးစားပေးရမှာပါပဲ။
ဆရာ ဆရာမတွေ ပညာရေး တာဝန်ထမ်းဆောင်စဉ် ဆရာရဲ့ဂုဏ်အင်္ဂါနဲ့နေပါ၊ ဆရာဟာ ဘယ်လိုတွေးခေါ်ရမယ်၊
မိမိရပ်တည်ချက်က ဘယ်မှာရှိတယ်၊ အနေအထိုင်အမူအရာ အပြောအဆိုကအစ ဆရာနဲ့ကိုက်ညီအောင် ဆရာတွေမှာ
ရှိရမယ့်အရည်အချင်းတွေနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို ကောင်းသည်ထက် ကောင်းအောင်
မြင့်သည်ထက်မြင့်အောင် ဆောင်ကြဉ်းပေးနိုင်ဖို့လိုပါတယ်။ သူတို့ကို အဲဒီလို မြှင့်တင်ပေးနိုင်ပြီဆိုရင်
အနာဂတ်မြန်မာနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊
ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်မှုအားလုံးကို ရရှိသွားပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment