နေပြည်တော် အောက်တိုဘာ ၂၀
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန်ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးနေသော နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ နယ်မြေခံသင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား အောက်တိုဘာ ၁၉ ရက်ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက သက်ဆိုင်ရာသင်တန်းကျောင်းများသို့ သွားရောက်ဂုဏ်ပြုသီဆိုဖျော်ဖြေကြရာ သင်တန်းသား၊ သင်တန်းသူများက ကြည်နူးချမ်းမြေ့စွာ ကြည့်ရှုအားပေးကြပြီး ပျော်ရွှင်စွာ အတူတကွပါဝင်သီဆိုခဲ့ကြသည်။
ထိုသို့ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များ၏ သီဆိုဖျော်ဖြေနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကလည်း တက်ရောက်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုလက်ဆောင်နှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment