Friday, October 11, 2024

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လောင်းလုံးမြို့နယ်အတွင်းလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတစ်အိမ်တက်/ဆင်း ကောက်ယူနေမှုအားလှည့်လည်ကြည့်ရှုအားပေး

  

ထားဝယ် အောက်တိုဘာ ၁၁

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်နေ့အထိကောက်ယူသွားမည်ဖြစ်သည်။


လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လောင်းလုံးမြို့နယ်ရှိ ရပ်ကွက်အလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို တစ်အိမ်တက်/ဆင်း ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း (၆၈)ခု၊ အိမ်ထောင်စု မေးခွန်းနှင့်မေးခွန်း(၁၈)ခုပါဝင်သည့် အဖွဲ့အစည်း မေးခွန်းများအားTablet များအသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံဖြေကြားခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက   ရပ်ကွက်နေဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍  ထားဝယ်တက္ကသိုလ်ဝင်းအတွင်းနေထိုင်သော ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှ ဌာနမှူးများ၊ မိသားစုဝင်များအား သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံကြည့်ရှုအားပေးပြီး ထားဝယ်ပညာ့အိမ်ရာဝန်းရှိ အိမ်ခန်းတွဲများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး စာရင်းကောက်ယူသူများက နံနက် ၇ နာရီ မှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည် ဖြစ်ကာစာရင်းကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ပြီး လောင်းလုံးမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု (၂)အုပ်စု၊ ကောက်ကွက်ပေါင်း(၁၁)ကောက်ကွက်ကို စာရင်းစစ်၊ စာရင်းကောက်များက အဖွဲ့များခွဲ၍ Tablet များအသုံးပြုကာ ရပ်ကွက်အလိုက်ပြည်သူ လူထုများအားကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment